၂ဝ၁၂-၁၃ ပညာသင်နှစ် တစ်နိုင်ငံလုံးတက္ကသိုလ်ဝင်တန်းအောင်ချက်တွင် မွန်ပြည်နယ်က ပထမနှင့် တနင်္သာရီက ဒုတိယ အသီးသီးရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပညာရေးညွှန်ကြားရေးမှူးရုံးထံမှ သိရှိရသည်။
မွန်ပြည်နယ်က အောင်ချက် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးက ၃၇ ဒသမ ၅၇ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးက ၃၃ ဒသမ ၁၉ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်က ၃၂ ဒသမ ၈၃ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်)က ၃၂ ဒသမ ၁၆ ရာခိုင်နှုန်း အသီးသီးရရှိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ၅ဝ ဒသမ ၁ဝ ရာခိုင်နှုန်းဖြင့် သရက်ချောင်း မြို့နယ်ကအောင်ချက် အမြင့်ဆုံးဖြစ်ပြီး ၂၆ ဒသမ ရဝ ရာခိုင်နှုန်းဖြင့် အောင်ချက် အနည်းဆုံးမှာ တနင်္သာရီမြို့နယ်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးမှ ၂ဝ၁၂-၁၃ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၉၇၅ဝ ဦးရှိပြီးအောင်မြင်သူ ၃၆၆၃ ဦးရှိခဲ့ သည်ဟု တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။
''လာမယ့်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းမဖွင့်မီ မေလ ၂ဝ ရက်ကတည်းက ကြိုတင် လေ့ကျင့်သင်ကြားပေးနေပါတယ်'' ဟု တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် တစ်နိုင်ငံလုံးတွင် ဒုတိယရခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ ၄၆ ဒသမ ၉၃ ရာခိုင်နှုန်းရရှိခဲ့သည်။