ကချင်ငြိမ်းချမ်းရေးတောင်းဆိုသည့် အရပ်ဘက်လူမှု အဖွဲ့အစည်း ၂၈ ဖွဲ့က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ရန်ကုန်မြို့တွင် အခမ်းအနားကျင်းပပြီး ယင်းအခမ်းအနားတွင် ဆုတောင်းပွဲ ပြုလုပ်ကာ သဘောထားထုတ်ပြန်ချက် ရှစ်ချက်ကို ထုတ်ပြန်သည်။
ကချင်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်များ ကြားဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ထိခိုက်ကျဆုံးခဲ့ကြသော ရဲဘော်များနှင့် ပြည်သူများအားဝမ်းနည်းခြင်းအထိမ်း အမှတ်ဖြင့် တစ်ကျော့ပြန်စစ်ပွဲများဖြစ်ပွားခဲ့ချိန် ၂ နှစ်ပြည့်အနေဖြင့် ဒီကနေ့ ဇူလိုင်လ ၉ရက် နေ့ နံနက် ၉ နာရီခွဲမှစတင်ကာ ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှစတင်ပြီး အလုံမြို့နယ်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ (ဓါတ်ပုံ - ဝလုံး ၊ မဇ္စျိမ)
သဘောထားထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းများကို ဆောင်ရွက်နေသည့် တိုင်းရင်းသား အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ကချင်ဒေသနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ကဏ္ဍအလိုက် ပါဝင်ခွင့်အား တရားဝင်ပြဋ္ဌာန်းပေးရန်
တောင်းဆိုထားသည်။
ငြိမ်းချမ်းရေးကွန်ရက်မှ မခင်စန္ဒာညွန့်က ''ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ကျွန်မတို့လို လူမှုအရပ်ဘက် အဖွဲ့အစည်းတွေလည်း အထိုက်အလျောက် ပါဝင်လာနိုင်နေပါပြီ၊ ဒါပေမဲ့ ဆက်လက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မှာလည်း ကဏ္ဍအလိုက် ပါဝင်သွားဖို့ အရေးကြီးပါတယ်'' ဟု ဆိုသည်။
အစိုးရနှင့် KIO တို့အကြား ဆွေးနွေးမှုများပြုလုပ်ပြီး ယခုနောက်ပိုင်းတွင် အမျိုးသမီးအချို့လည်း ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ပြီဟု ကချင်အမျိုးသမီးကွန်ရက်က ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရင်း နိုင်ငံရေးအရ ဆွေးနွေးသဘောတူညီထားသည့် တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်စေလိုသည်ဟု အရပ်ဘက်လူမှု အဖွဲ့အစည်း ၂၈ ဖွဲ့တို့က ဆိုသည်။
ဆုတောင်းပွဲတွင် ပါဝင်သူ မမီးမီးက ''ကျွန်မတို့ရဲ့ သဘောထား ထုတ်ပြန်ချက်မှာ အဓိက က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်အောင် တောင်းဆိုထားတာတွေပါ၊ ဒီမှာပါဝင်တဲ့ သဘောထားတွေက တကယ်ကိုပဲ လိုအပ်တယ်လို့ မြင်ပါတယ်'' ဟု ပြောသည်။
ဆုတောင်းပွဲတွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ရက်၊ ဧရာဝတီ မြစ်ဆုံတန်ဖရဲဒေသခံများ အပါအဝင် အဖွဲ့အစည်း ၂၈ ဖွဲ့တို့က ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာ အသီးသီးဖြင့် စစ်ပွဲအတွင်း သေဆုံးသူများအတွက် ဆုတောင်းခဲ့ကြသည်။