နိုင်ငံတဝှမ်း နေရာအချို့တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး လူမျိုးနှင့်ဆက်နွယ်သည့် ပဋိပက္ခများ ထားဝယ်ဒေသတွင် မဖြစ်ပွားလာစေရန် ကြိုတင်ကာကွယ်ရေးအတွက် အဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးဗဟိုကော်မတီအား ဇွန်လ ၁ ရက်နေ့၌ ဖွဲ့စည်းလိုက်သည်။
ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရေးနှင့် ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမ ၂ တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး မျက်နှာစုံညီတွေ့ဆုံပွဲတွင် ယင်းသို့့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလက ဖွဲ့စည်းခဲ့သည့် ဆပ်ကော်မတီမှ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ပြီး ထူးခြားအခြေ အနေများ တင်ပြလာပါက အစိုးရနဲ့ ပူပေါင်းကာ ပဋိပက္ခမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မည်ဟု ယင်း
ကော်မတီဖြစ်မြောက်ရေးအတွက် ကမကထ ပြုခဲ့သူတစ်ဦးဖြစ်သည့် လူအခွင့်အရေးစောင့်ကြည့်ရေး ကွန်ရက် (ထားဝယ်)မှ ဦးသန်းဝင်း က ပြောဆိုသည်။
''မဖြစ်နိုင်ဘူးဆိုပေမယ့် ဖြစ်လာရင် ဘာ လုပ်မလဲဆိုပြီး ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်'' ဟု အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းမှ ဆရာဦးစိုးနိုင်က ဆိုသည်။ မိတ္ထိလာတွင် ဖြစ်ပွားသည့် ဘာသာရေးပဋိပက္ခများ ထားဝယ်ဒေသသို့ မကူးစက်လာစေရန်အတွက် ဧပြီလ ၁ဝ ရက်တွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များမှ အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေး ဆပ်ကော်မတီအား ဖွဲ့စည်းနိုင်ခဲ့ပြီး ဗဟိုကော်မတီဆက်လက် ဖွဲ့စည်းရန် အကြံပြုခဲ့သည်ဟု သိရသည်။
ထားဝယ်ဒေသအတွင်းနေထိုင်ကြသော ဘာသာအသီးသီးမှ ဘာသာဝင်များသည် ညီညွတ်စွာလက်တွဲပြီး အေးချမ်းစွာ နေထိုင်လာကြသူများဖြစ်သည် ဟု ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံများက ပြောဆိုသည်။
ထားဝယ်ဒေသတွင် နေထိုင်သူများသည် ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ စသည့်ဘာသာဝင်များ အဓိက နေ ထိုင်ကြပြီး ယင်းအခမ်းအနားသို့ ဘာသာကြီး လေးခုမှ ခေါင်းဆောင်များနှင့် ဘာသာဝင်များ အင်အားတစ်ရာကျော် တက်ရောက်ခဲ့သည်။