အုပ်စု နှစ်စု ပြိုင်ဆွဲသည့် ဘူးသီးတောင် လေလံပွဲ ပြည်နယ်အစိုးရ ကြားဝင်ရ

အုပ်စု နှစ်စု ပြိုင်ဆွဲသည့် ဘူးသီးတောင် လေလံပွဲ ပြည်နယ်အစိုးရ ကြားဝင်ရ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့မစျေး အပါအဝင် နှစ်လတာ တင်းမာနေခဲ့သော အုပ်စုနှစ်စု ခုကြား လေလံဆွဲခြင်းများ အငြင်းပွားမှု ပြဿနာကို ပြည်နယ် အစိုးရက ကြားဝင်စေ့စပ်ဖြန်ဖြေပေးခဲ့ရ သည်။

ဘူးသီးတောင် အရပ်ရပ်ဆိုင်ရာ စည်ပင်သာယာရေး လိုင်စင် ယခုနှစ် လေလံပွဲတွင် နိုင်ငံသား မဟုတ်သူများ အား လေလံဆွဲခြင်းကို ရခိုင်များက ကန့်ကွက်ပြီး ဆန္ဒပြပွဲများ ဖြစ်လုနီးပါး အနေအထား၌ ပြည်နယ်အစိုးရက ဝင်ရောက်ဖြေရှင်းပေးရခြင်း ဖြစ်သည်။

“မတ်လ ၁ ရက်နေ့ကနေ စတင်ခဲ့တဲ့ လေလံ အငြင်းပွားမှုဟာ ဒီလ နောက်ဆုံးအပတ်ထဲမှာပဲ ငြိမ်းချမ်းစွာ အဆုံးသတ်သွားခဲ့တယ်။ ဒီကာလအတွင်း ရခိုင် တိုင်းရင်းသားတွေဟာ ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်တွေ တင်ခဲ့သေးတယ်။ နောက်ဆုံးမှာတော့ ပြည်နယ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြီးဆုံးခဲ့ရတယ်” ဟုရခိုင်လူမှု ကွန်ယက် တာဝန်ရှိသူတဦးက ဆိုသည်။

ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မြို့နယ် ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်း က “ဥပဒေရေးရာ အငြင်းပွားမှုဖြစ်နေပြီး လေလံဆိုင်ရာ စည်ပင်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သက်ဆိုင်သူများအနေနဲ့ တိကျစွာ လိုက်နာ ကျင့်သုံးဖို့ လိုအပ်နေသေးတယ်” ဟု မဇ္စျိမကို ပြောသည်။

ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို လေလံပြိုင်ခွင့် ပြုခြင်းအားကန့်ကွက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခု ပြည်နယ်အစိုးရ ဖြေရှင်းလိုက်တာက ဥပဒေအရ မဟုတ်ဘဲ ဒေသ တည်ငြိမ်ရေးကို ရှေးရှုပြီးတော့ တဘက် တဝက်စီ စေ့စပ် ခွဲဝေပေးခဲ့တာသာ ဖြစ်တယ်။ ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေး လမ်းကြောင်းကနေ ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးထွန်းအောင်သိန်း က ဆက်ပြောသည်။

လေလံကိစ္စ ဆန္ဒပြရန် မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဧပြီလ ၆ ရက်နေ့၌ ခွင့်ပြုချက်တင်ခဲ့ရာ ပယ်ချခံရပြီး ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ ဧပြီ ၁၁ ရက်နေ့က အယူခံရာတွင်လည်း ငြင်းပယ် ခံခဲ့ရသည်။

တင်းမာနေသော အခြေအနေကို ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးမောင်စန်ရွှေနှင့် စိုက်/မွေး ဝန်ကြီး ဦးကျော်သိန်းတို့က မေလ ၁၉ ရက်နေ့မှ ၂၃ နေ့ထိ မောင်တောခရိုင်သို့ ရောက်ရှိလာပြီး နှစ်ဘက် သက်ဆိုင်သူများနှင့် တွေ့ဆုံ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

“လေလံ ၁၈ မျိုး ရှိတဲ့အနက် ရခိုင်က ရ မျိုး၊ မူဆလင်တွေက ၁၁ မျိုး ရရှိခဲ့တယ်။ နှစ်ဖက် ပြေလည်မှု အတန်အသင့် ရရှိတယ် ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ အားပြိုင်မှုတွေ ဆက်ဖြစ်လာမှာကို ပူပန်မိတယ်။ စျေးကောက် နှုန်းထား တိုးလာရင် စားသုံးတွေအတွက် ကုန်စျေးနှုန်း မြင့်လာမှာကို စိုးရိမ်နေတယ်” ဟု အမှတ်(၂) ရပ်ကွက်နေ ဒေသခံ တဦးက ဆိုသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ စည်ပင်သာယာရေး လိုင်စင် လေလံ ၁၈ မျိုးကို မတ်လ ၁ ရက်နေ့မှစ၍ ခေါ်ယူထားခဲ့ရာ ရခိုင်ဘက်မှလေလံဆွဲသူ ၁၃ ဦးနှင့် RNDP ပါတီမှ ကန့်ကွက်တုန့်ပြန်မှုများ ရှိထားခဲ့သည်။

ဘူးသီးတောင်မြို့မှာ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၈၀ အကွာတွင်ရှိပြီး အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ နယ်စပ်မြို့တမြို့ ဖြစ်သည်။