HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျ သည့် စိတ်ဓာတ် ဖြစ်ပြီး ထိုအတိုင်းပြုမူပါက တိုးတက်သည့် လူမှုအသိုင်းအဝိုင်း ဖြစ်လာမည်မဟုတ်ဟုဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်သည်။
အဋ္ဌမ အကြိမ်မြောက် AIDS ဖြင့် ကွယ်လွန်သူများအား အောက်မေ့ဖွယ် မီးထွန်းဆုတောင်းပွဲကို ရန်ကုန်မြို့၊ အင်းယားလိတ် ဟိုတယ်ခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ကျင်းပစဉ်။ (ဓာတ်ပုံ - Hongsar ၊ မဇ္စျိမ) UNAIDS ၏ ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး အထူးသံတမန် ဒေါ်အောင်ဆန်းစုုကြည်နှင့် ဘာသာပေါင်းစုံုမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ဆုတောင်းကြသည်။
မေလ ၂၆ ရက်တွင် ကျရောက်သည့် HIV/AIDS ဖြင့် ကွယ်လွန်သူများ အောက်မေ့ဖွယ် မီးထွန်းဆုတောင်းပွဲ တွင် ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့၏ ခွဲခြားဆက်ဆံမှုပပျောက်ရေး အထူးသံတမန်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ခြင်းဖြစ်သည်။
''ပိုက်ဆံရှိလို့ အာဏာရှိလို့ သြဇာရှိလို့ မတော်မတရား အခြားလူတွေကို လုပ်ဖို့ကြံတဲ့ဟာတွေဟာ စာရိတ္တထဲမှာ ရှက်စရာအကောင်းဆုံး မဟုတ်ဘူးလား။ ဒီလိုလူမျိုးတွေ ကျတော့ မျက်နှာချိုသွေးနေကြသူတွေ အများကြီးပဲ။ ဒီလိုလူတွေကို စာရိတ္တရောဂါရှိတယ်လို့ မသတ်မှတ်ဘဲ HIV/AIDS ရှိနေတဲ့ မောင်နှမသားချင်းတွေကို စာရိတ္တရောဂါရှိတယ်လို့ဆိုတာဟာ လူသားတွေရဲ့ အားနည်းချက်ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောသည်။
မီးထွန်းဆုတောင်းမှု အခမ်းအနားအပြီး ထုတ်ပြန်ချက်တွင်လည်း ခွဲခြားဆက်ဆံခြင်းသည် အိပ်ချ်အိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများဖြစ်သော ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေသော အဓိကအချက်ဖြစ်သည်ဟု ထောက်ပြထားသည်။
အခမ်းအနားသို့ တက်ရောက်လာသည် HIV နှင့် အသက်ရှင်နေထိုင်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ တစ်ဦးကလည်း ''ပတ်ဝန်းကျင်ကလည်း သမီးတို့လို အိပ်ချ်အိုင်ဗွီပိုးရှိတဲ့သူတွေကို အထင်သေး အပြစ်တင် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေပါတယ်'' ဟု ပြောသွားသည်။
ယင်းအပြင် HIV ဖြင့် အသက်ရှင်နေထိုင်သူများကို အလုပ်မှ ထုတ် ပယ်ခြင်းများရှိနေပြီး အလုပ်အကိုင် ရှားပါးမှုများဖြင့် ကြံုတွေ့နေရသည်ဟု HIV ဖြင့်နေထိုင်သူများကို အကူအညီပေးနေသူ စာရေးဆရာ လှိုင်-Peer က ဆိုသည်။
''အစိုးရလုပ်ငန်းခွင်ဆို ပင်စင်ခံစားခွင့်ရှိပေမယ့် ပုဂ္ဂလိကလုပ်ငန်းခွင်များတွင်တော့ ဘယ်လိုခံစားမှုမျိုးမှ မရရှိတော့ပါဘူး။ လုပ်ငန်းခွင်ကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ ပုဂ္ဂလိကလုပ်ငန်းမှ အလုပ်သမားများစွာတွေ့နေ ရပါပြီ''ဟု စာရေးဆရာက ပြောသည်။
HIV ကာကွယ်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေများလည်း လိုအပ်လျက်ရှိနေပြီး ကျန်းမာရေးကောင်းမွန် နေသော အိပ်ချ်အိုင်ဗွီရှိသူများကိုလည်း အရည်အချင်းအလိုက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေး ရန်လည်း မေ ၂၆ ရက် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
အိပ်ချ်အိုင်ဗွီ တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်စေသော ဥပဒေပုဒ်မများ ဖြစ်သည့် တရားမဝင် ဆေး ထိုးအပ်ကိုင်ဆောင်မှု၊ ပြည့်တန်ဆာပုဒ်မများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကုသမှုခံယူရန် ပျက်ကွက်ခြင်း ပုဒ်မတို့ကိုလည်း လိုအပ်သလို ပြုပြင်ဖျက်သိမ်းမှုများ ပြုလုပ်ပေးရန်ကြေညာချက်တွင် ထပ်မံတောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း HIV ဖြင့် အသက်ရှင်နေထိုင်သူ ၂၂၀,၀၀၀ ရှိပြီး သေဆုံးသူ ၁၆၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၁၅, ၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။