မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိမ်း အထ္ထုပ္ပတ္တိ ဇွန်လတွင် ထွက်မည်

မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိမ်း အထ္ထုပ္ပတ္တိ ဇွန်လတွင် ထွက်မည်
by -
မဇ္စျိမ

မွန်အမျိုးသား ခေါင်းဆောင် တဦး ဖြစ်သည့် နိုင်ငွေသိမ်း၏ ဘဝအတွေ့အကြံုများနှင့် နိုင်ငံရေးဘဝ တလျှောက် စုဆောင်းထားသည့် အချက်အလက်များအား ပြုစုထားသည့် “နိုင်ငွေသိမ်း၏နိုင်ငံရေး ဖြတ်သန်းမှု သမိုင်း” စာအုပ်အား အချောသတ် ရေးသားနေပြီဖြစ်ကာ ဇွန်လ အတွင်း ဖြန့်ချိနိုင်မည် ဟု စာအုပ်ရေးသား ပြုစုသူ ကိုစိုင်းထွန်းအေး က မဇ္စျိမကို ပြောသည်။

“အဖိုးရဲ့ ဘဝဖြတ်သန်းမှုတွေအကြောင်း အတွေ့အကြံုတွေဟာ ပြောရုံတင် မကဘူး၊ စာထက် အက္ခရာ တင်ထားသင့်တဲ့ သမိုင်းအချက်အလက်တွေ ဖြစ်တယ်။ ဒါကြောင့် သူ သက်ရှိထင်ရှား ရှိနေတဲ့ ကာလမှာ လိုချင်တဲ့ အချက်အလက်တွေ မေးမြန်းတဲ့ ဟာတွေ အားလုံး ပြည့်ပြည့် စုံစုံလည်း မေးမြန်း ရနိုင် တာရယ်ကြောင့် ကျနော် လုပ်ဖြစ်သွားတာပါ” ဟု ပင်လုံ မျိုးဆက်တဦး ဖြစ်သည့် ဦးရွှေအုံး၏ မြေးဖြစ်သူ ကိုစိုင်းထွန်းအေး က ပြောသည်။

တိုင်းရင်းသား လူမျိုးစုရေးရာတို့တွင် အသက် ၉၀ ကျော်ပြီ ဖြစ်သည့်တိုင် တာဝန်ယူနေဆဲ ဖြစ်၍ တိုင်းရင်းသားတို့၏ ခေါင်းဆောင် တဦးအဖြစ်လည်း ခံယူကြောင်း “ဖြတ်သန်းခဲ့တဲ့ တလျှောက်ကြောင့် တကယ့် မွန်ခေါင်းဆောင် တဦးဆိုတာ မွန်တွေတိုင်း လက်ခံပါတယ်။ ဒါပေမယ့် တဖက်က ကြည့်ပြန်ရင် ၁၉၆၁ တောင်ကြီး ညီလာခံက ဆုံးဖြတ်တဲ့ ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ချုပ်မှာ သူက စပါလာတယ်။ ပြည်ထောင်စု စစ်စစ်မူကို တောင်းဆိုတယ်။ အဲဒီတော့ သူက မွန်ခေါင်းဆောင်တောင် မကတော့ဘူး။ ပြည်ထောင်စု တိုင်းရင်းသားတို့ရဲ့ ခေါင်းဆောင် တဦး ဖြစ်တယ် ဆိုတာကို ကျနော် ပြောချင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသား တဦး ဖြစ်သူ ကိုစိုင်းထွန်းအေးမှ ပြောသည်။

၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ရွာ၌ မွေးဖွားခဲ့သည့် ဝါရင့် နိုင်ငံရေးသမား နိုင်ငွေသိမ်းသည် အသက် ၁၉ နှစ်အရွယ် (၁၉၄၂) တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA မှ စပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။ ၎င်းပြင် မွန်လူမျိုး ရေးရာ အဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ အာရှ လူငယ် အစည်းအရုံးဝင်၊ ရာမည တိုင်းလုံးဆိုင်ရာ မွန်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်၊ မွန်ရေးရာ အဖွဲ့နှင့် မွန်တိုင်းရင်းသား အဖွဲ့ ပူးတွဲတပ်ဖွဲ့ စစ်ရေး တာဝန်ခံ၊ မွန်ပြည်သူ့ တပ်ဦး နိုင်ငံခြားရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ တွင် ဥပဒေဘောင်အတွင်းမှ နိုင်ငံရေး လှုပ်ရှားရန် ဦးနု အစိုးရထံ လက်နက်အပ်စဉ်တွင် ပါဝင်ခဲ့သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၉၈ မှ စ၍ ပါတီ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) တွင်လည်း အမြဲတမ်း သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

မွန်ပြည်သည်ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) ကလည်း နိုင်ငွေသိမ်း အား မွန်အမျိုးသား နိုင်ငံရေး ခေါင်းဆောင်တဦးအဖြစ် လေးစားကြောင်း ပြောဆိုသည်။

“ဒီလို သူသက်ရှိထင်ရှား ရှိနေစဉ်မှာ အခုလို လုပ်ဖြစ်တာလည်း ကောင်းပါတယ်။ သူ့ရဲ့ အမျိုးသား လှုပ်ရှားခဲ့မှု အကြောင်းအရာတွေကို သူရှိနေတုန်း ထုတ်နိုင်တာက စာအုပ်ထဲမှာ မှားနေတာတွေ ရှိခဲ့ရင်လည်း သူကပြန်လည် ထောက်ပြနိုင်တာပေါ့။ သူက တကယ့်ကို မွန်အမျိုးသား ခေါင်းဆောင် တဦးပါ” ဟု မွန်ပြည်သစ်ပါတီမှ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်)က ပြောသည်။

နိုင်ငွေသိမ်းသည် နိုင်ငံရေး လှုပ်ရှား မှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တကြိမ် ထောင်ဒဏ် ချမှတ် ခံရသည်။ ထို့နောက် နိုင်ငံရေး သင်တန်း ပို့ချမှု၊ နိုင်ငံရေး သင်တန်းစာအုပ် ထုတ်ဝေ ဖြန့်ချိမှုဖြင့် ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၂၁ ချမှတ် ခံခဲ့ရသော်လည်း စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးစဉ် မွန်ပြည်သစ်ပါတီမှ တောင်းဆိုခဲ့၍ ၁၉၉၄ ခုနှစ်၌ ပြန်လည် လွတ်မြောက်ခဲ့သည်။

ထို့ပြင် မွန်ပြည်သစ်ပါတီသို့ ပေးပို့သည့် အကြံပြု စာတမ်းတွင် “နဝတ စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်စေသည်” ဆိုသည့် စာအရေး အသားကြောင့် ၁၉၉၈ ခုနှစ်တွင် ထောက်ဒဏ် ရ နှစ် ကျခံခဲ့ရပြန်၍နိုင်ငွေ သိမ်း၏ နိုင်ငံရေးဘဝတွင် အုပ်စိုးသူ အာဏာပိုင်များ၏ ထောင်သွင်း အကျဉ်းချမှု လေးကြိမ် ကြံုခဲ့ရသည်။

“ကျနော့်ရဲ့ အနှစ် ၉၀ ပြည့် မွေးနေ့ကတည်းက စာအုပ် တအုပ် ထုတ်ဖို့ လုပ်နေတာ အခုမှ လုပ်ဖြစ်သွားတာ ပါ။ ကျနော်တို့ နိုင်ငံရေး ကို ထောင်ကျကျ၊ ထမင်းငတ်ငတ် လုပ်ခဲ့တာတွေကို နောက်လူငယ်တွေ သိသွားစေ ချင်တယ်။ နောက်ပြီး တိုင်းရင်းသား အရေးမှာ ကျနော်တို့ ဒုက္ခခံပြီး ဆက်လုပ်ဖို့ကို တိုက်တွန်းတဲ့ သဘောလို့ ခံစားရတယ်။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ပိုပြီး ယုံကြည်မှု ရှိလာပြီး ပိုမို လုပ်ဆောင်ဖို့ တွန်းအားပေးသလို ခံစားမိတယ်” ဟု ဥက္ကဋ္ဌကြီး နိုင်ငွေသိမ်း က ပြောသည်။

နိုင်ငွေသိမ်းသည် ၂၀၀၉ ခုနှစ်တွင် နော်ဝေ နိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တိုင်းရင်းသား အဖွဲ့အချို့မှ ပူးပေါင်းချီးမြှင့်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းဆုကို အခြား တိုင်းရင်းသားခေါင်းဆောင် ၄ ဦးနှင့် အတူ ရရှိခဲ့သည်။