ပထမဆုံးကြိမ် ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှု အတွက် (KIO) မှ တိုက်ပွဲကာလ ၂ နှစ်ပြည့်ရန် ရက်ပိုင်းအလို မေလ ၂၄ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့သို့ ကြိုတင်ရောက်ရှိခဲ့သည်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ဆွေးနွေးကြမည့် မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမ သို့ ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းနှင့် KIO ရှေ့ပြေးကိုယ်စားလှယ်များ လာရောက်ကြည့်ရှု စစ်ဆေးနေသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မိုင်းမိုင်၊ မဇ္စျိမ) ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည် တွင်း တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့တွင် ပြုလုပ်ကြရန် သဘောတူသတ်မှတ်ထားသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၈ မှ စ၍ဆွေးနွေးပွဲစတင် မည်ဖြစ်ကြောင်း Peace Talk Creation Group ( PCG ) မှ အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
၎င်းက “ယုံကြည်မှု တည်ဆောက်နိုင်ရန် မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယုံကြည်မှု မရတဲ့အတွက် ယခုချိန်ထိ တိုက်ပွဲတွေ ဖြစ်နေတာ၊ ဆွေးနွေးပွဲလဲ ဆယ်ကြိမ်မက လုပ်လာခဲ့တယ်။ ဒါပေမဲ့လည်း ပြည်ပမှာပဲ လုပ်ရတယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်လပ်ရေး အဖွဲ့အစည်းမှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ် ဦးဆောင်ကာ စစ်ဘက်မှာ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော် တို့သည် မေလ ၂၇ ရက်နေ့တွင် လိုင်ဇာမြို့မှ ထွက်ခွာလာမည် ဖြစ်သည်။
ကျန်းမာရေး၊ လုံခြံုရေး၊ ရုံးပိုင်းဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်မည့် သူများအပါအဝင် ၄၈ ဦး ပါဝင်မည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်ဖွဲ့ကို UN အဖွဲ့မှ ကိုယ်စားလှယ် Mrs. Maria အပါအဝင် PCG အဖွဲ့တို့မှ သွားရောက်ကြို မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသည် အနည်းဆုံး ၂ ရက် ခန့်မှန်းထားကာ လေ့လာသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် UN၊ တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သတင်းရရှိသည်။ဆွေးနွေးပွဲ ပြင်ပလုံခြံုရေးအား ဒေသခံလူငယ်အယောက် ၃၀ ခန့်နှင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့တို့မှ တာဝန်ယူမည်ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အတူယှဉ်တွဲ၍ ပေါ်ပေါက်လာသော ပြည်တွင်းစစ်သည် နိုင်ငံ၏ ဖွံဖြိုးမှုကိုနှောင့်နှေးစေသည်သာမက တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုနှင့် ရင်ဆိုင်နေရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစု၏ မျှော်လင့်ချက်သည် ဖက်ဒရယ်စနစ်ရရှိရန် ဖြစ်သည်။