မအူပင် အကျဉ်းထောင်တွင်း ကြွေးကျန် ပြစ်ဒဏ်ကျခံနေရသော ဦးနေမျိုးဇင် အား နိုင်ငံတော် သမ္မတရုံး တိုက်ရိုက်ထုတ်ပြန်သော ၄၀၁ (၁) အရ သောကြာနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်လွှတ်ပေးလိုက် သည်။
ဦးနေမျိုးဇင်နှင့် ကိုရဲမင်းဦးတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံရှိ မိုးကုတ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ မေတ္တာပို့ဆုတောင်းပွဲကို ရွှေတိဂုံဘုရားပေါ်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ယခုနှစ် မေလ ၃ ရက်နေ့တွင် ပန်းတနော် တရားရုံးမှ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်မရမီကျရှိပြစ်ဒဏ် များဖြင့် ပေါင်းကာ ထောင်ဒဏ် ၆ နှစ် ကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။
“၄၀၁(၁)အရ သမ္မတရုံး တိုက်ရိုက်ထုတ်ပြန်တဲ့ စာအရ လွှတ်ပေးလိုက်တာပါ။ ပြည်ထဲရေး ဝန်ကြီးဌာန ၄၀၁ အရ ဖမ်းဆီးချုပ်နှောင်မှုတွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါပြီ။ အမိန့်စာကိုတော့ သူတို့ လာဖတ်ပြသွားတာပါ” ဟု လွတ်မြောက်လာသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္စျိမကို ပြောသည်။
၎င်းက ဆက်လက်၍ “နိုင်ငံတော် အနေနဲ ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတာ အခုလို လုပ်ဆောင်မျိုးကို ကြိုဆိုပါတယ်။ နိုင်ငံတော် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်ဟာ အခုဆို ဒီမိုကရေစီလမ်း ကြောင်းပေါ် လျှောက်နေချိန်မှ အခုလိုမျိုး လုပ်ဆောင်ပေးတာကို ကျေးဇူးတင်ပါတယ်” ဟုဖြည့်စွက်ပြော ကြားသည်။
ထို့ပြင် ရေလုပ်သားနှင့် တောင်သူလယ်သမားများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်ငြိမ်း ကလည်း သမ္မတ၏ ယခုလုပ်ရပ်အပေါ် ကျေးဇူးတင်ကြောင်းနှင့် ပြည်သူ့အကျိုး ထမ်းရွက်နေသောသူ တယောက်အား ပြန်လွှတ်ပေးခြင်းမှာ လုပ်သင့်လုပ်ထိုက်သောအလုပ် ဖြစ်ကြောင်း ပြောဆိုသည်။
ကိုနေမျိုးဇင်သည် ၂၀၁၁ ခုနှစ်သြဂုတ်လက ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မ ၃၃ (က)ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထောင်ဒဏ်ချမှတ်ခံရကာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် ၂၀၁၂ ခုတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။