နမ့်ခမ်းမြို့နယ် ပစ်ခတ်မှုကြောင့် ဒေသခံ ဆုံးရှုံးမှုများကို လျော်ကြေးပေးနိုင်ရန် စာရင်းကောက်

နမ့်ခမ်းမြို့နယ် ပစ်ခတ်မှုကြောင့် ဒေသခံ ဆုံးရှုံးမှုများကို လျော်ကြေးပေးနိုင်ရန် စာရင်းကောက်
by -
မဇ္စျိမ

အစိုးရတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ပျက်ဆီး ဆုံးရှုံးမှုများကို  လျော်ကြေး ပေးနိုင်ရန် အတွက် အပျက် အဆီး အဆုံးအရှူံး စာရင်းများ မေလ (၁၅) ရက်နေ့တွင်စတင်ကောက် ယူ နေပြီ ဖြစ်ကြောင်း စာရင်း ကောက်ယူ ရာတွင် ပါဝင် ခဲ့သည့် ကျားဖြူ ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ယခုကောက်ယူခဲ့သည့် ကျေးရွာသုံးရွာမှာ နမ့်ခမ်းမြို့နယ်အတွင်းမှ နောင်ခမ်း၊ နောင်မနှင့် နမ့်ကွမ်ကျေးရွာ ၃ ရွာ ဖြစ်သည်။

 “ကျွန်တော်က ဒီနေ့ နောင့်ခမ်း ရွာမှာ ကောက်တဲ့ အဖွဲ့နဲ့ ပါသွားတယ်၊ ဆုံးရှုံး နေတယ်လေနော်၊ နောင်ခမ်းရွာအတွက် ပျက်ဆီး ဆုံးရှုံး ပျောက်ပျက် စာရင်း ပေါင်းလိုက်ရင် စုစုပေါင်း မြန်မာငွေ တစ်ရာငါးဆယ့် ခုနှစ်သိန်း ငါးသောင်း တစ်ထောင် ခုနှစ်ရာ ငါးဆယ့်ရှစ်ကျပ် လို့ စားရင်း ကောက်ရ ထားပါတယ်၊ ကျန်ရွာ နှစ်ရွာရဲ့ ပမာဏ ကိုတော့ ကျွန်တော် မသိပါဘူး” ဟု ကျားဖြူ ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းကျော်အုန်းမှ မဇ္စျိမ သတင်း ဌာနသို့ ပြောသည်။

ပျက်စီး ဆုံးရှုံး ပျောက်ပျက်မှုများ အနက် ကျပ် ၁၂ သိန်း ၆ သောင်းတန်ဖိုးရှိ ရွှေ၊ တရုတ် ငွေ ၃၄၁၄၅ ယွမ် (မြန်မာငွေ ငါးဆယ့် တစ်သိန်းကျော်) ၊ ပျောက်ဆုံးသွားသည့် မြန်မာငွေ ၉၃ သိန်း ခုနှစ်သောင်း တို့ဖြစ်ပြီး စုစုပေါင်း ကျပ် သိန်း တစ်ရာ ငါးဆယ့် ခုနှစ်သိန်းကျော် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် အာဏာပိုင် အဖွဲ့ အစည်းများနှင့်၊ နိုင်ငံရေး ပါတီများ ကျေးရွာ အုပ်ချုပ် ရေးမှူး အဖွဲ့များ ပူးပေါင်းကာ ယခု ကဲ့သို့ လိုက်လံ၍စာရင်း ကောက်ယူနေပြီး ရှမ်းပြည်နယ် အစိုးရထံသို့ တင်ပြသွားမည် ဖြစ်၍ ယင်းနောက်ပိုင်းတွင် လျော်ကြေးများ ပေးဆောင် သွားမည် ဖြစ်သည်ဟု ဦးစိုင်းကျော်အုန်းမှ မဇ္စျိမအား ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင် အစိုးရ တပ်မတော်မှ နောင်မရွာ အခြေစိုက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) (၇၀၁) တပ် စခန်းအား လာရောက် သိမ်းပိုက် ခဲ့ပြီး တိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲကာလ အတွင်း အစိုးရတပ်မှ ရွာသားပိုင် ပစ္စည်းဥစ္စာ များအား ယူဆောင် သွားကြသည်ဟု ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ တပ်မတော်မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ ပြောသည်။

“တပ်စွဲ ထားတဲ့ တပ်တွေက အိုးအိမ် တွင်းမှာ ရှိနေတဲ့ အဖိုးတန် အသုံးအဆောင် ပစ္စည်းတွေ၊ ငွေတွေ ပါမကျန် ယူသွား ကြကုန် ပါတယ်၊ တိုက်ပွဲ ဖြစ်တုန်းက တပ်တွေ ကတော့ ပြန်သွားပြီ၊ အခု တပ်အသစ် ပြောင်းပြီး တပ်စွဲ ထားပါတယ်၊ အဲဒီ အခု တပ်စွဲ ထားတဲ့ တပ်ကို ဒေသခံ ပြည်သူ လူထုတွေက ဆုံးရှုံးရတဲ့ ပစ္စည်းတွေ သွားတင် ပြတော့ သူတို့ကမသိ ပါဘူးလို့ ပြောတယ်” ဟု ဗိုလ်မှူး စိုင်းလောင််းဆိုင်မှ မဇ္စျိမအား ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နောင်မ၊ နောင်ခမ်းနှင့် နမ့်ကွမ် ရွာများမှ ပြည်သူထောင်ချီ၍ တရုတ် ပြည်နယ်မြေ ထဲသို့ တိမ်းရှောင် နေထိုင် ကြရကာ ယနေ့မှစတင်၍ ပြန်လာနေကြသည်ဟု သိရှိရသည်။ နမ့်ခမ်းမြို့နယ် အစိုးရအာဏာပိုင် များက နေရပ်ပြန်ရန် အာမခံချက်ပေးသည့်နောက် ဒေသခံ များ ပြန်လာကြ ခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြန်လာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် များအား အစိုးရတပ်မှ ဆန်များ ယူလာကာ နောင်မ၊နောင်ခမ်း၊ နမ့်ကွမ် တို့၌ လိုက်လံ ဝေငှ ပေးလျက် ရှိကြောင်းလည်း ဦးစိုင်းကျော်အုန်းမှ ပြောသည်။

နှစ်ဖက် အကြား ဖြစ်ပွား နေသည့် တိုက်ပွဲ များကြောင့်လည်း ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့၌ ဗိုလ်မှူး စိုင်းလောင်းဆိုင် ဦးဆောင်သည့် RCSS/SSA အဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဝန်ကြီး ဦးအောင်မင်း တို့နှင့် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အခြေအနေ များအားတင်ပြ ခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်မှ ဆိုပါသည်။

၄င်းတွေ့ဆုံခြင်းသည် အလွတ်သဘော တွေ့ဆုံခြင်းသာဖြစ်၍ ဆုံးဖြတ်ချက်ချမှတ် သဘောတူနိုင်ခဲ့ခြင်းမရှိပဲ ထပ်မံ၍တရားဝင် တွေ့ဆုံသွားကြမည် ဖြစ်ကာ နေ့ရက်၊ အချိန်အား သတ်မှတ် ရသေးခြင်း မရှိသေးဟုလည်း ဆိုသည်။