ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ
by -
မဇ္စျိမ

ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေး သူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။

“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ အဓမ္မ ပြုကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆ မှုပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္စျိမကို ပြောသည်။

မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်များမှာ လှိုင်သာယာတွင် ၈ မှု၊ တိုက်ကြီးတွင် ၃ မှု၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် ၂ မှုစီဖြင့် အများဆုံး ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဓမ္မပြုကျင့်ရာတွင် မသိနားမလည်သော ကလေးသူငယ်များအား အစားအစာ၊ အဝတ်၊ ဖိနပ်စသည်တို့ဝယ်ပေးမည်ဟု ပြော ဆိုဖျား ယောင်းပြီး ပြစ် မှု ကျူး လွန်ကြခြင်းများ ပါဝင်ကြောင်း သိရသည်။

အရွယ်မရောက်သေးသူ ကလေးငယ်များအား အဓမ္မပြုကျင့်မှုများတွင် ဖခင်အရင်းက ကျူးလွန်မှု ၁ မှု၊ ပထွေးက ပြုကျင့်မှု ၁ မှု၊ အစ်ကိုဝမ်းကွဲက ၁ မှု၊ ဦးလေးက ၁ မှုနှင့် အရပ်သား အခြားသူများက အဓမ္မပြုကျင့်မှု ၂၂ မှုထိ ပါ၀င်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား အသေးစိတ် စစ်ဆေးပြီး ကျူးလွန်ရသည့်အကြောင်း အရင်းအား ဖော်ထုတ်က အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန် သုတေသနပြု ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် ကလေးသူငယ်များအား အတုမြင်အတက်သင်စေသည့် ညစ်ညမ်းဗီဒီယိုကားများ၊ ဒီဗီဒီကားများ ကြည့်ရှုခြင်းများအား တားမြစ်သွား မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ လူသတ်မှု ၃၈ မှု၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၆ မှု၊ အဓမ္မပြု ကျင့်မှု ၄၇ မှု၊ ဖောက်ထွင်းမှု ၂ မှု၊ စုစုပေါင်း အမှုကြီးဖြစ်ပွားမှု ၉၄ မှုထိ ရှိခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ပေးသော ဌာနမှဒုရဲမှူး၏ ပြောပြ ချက်အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်းကမူ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုကြီးပေါင်း ၃၆၅ မှုတွင် လူသတ်မှု ၁၆၄ မှု၊ ဓားပြမှု ၂ မှု၊ လုယက်မှု ၃၀ မှု၊ အဓမ္မပြုကျင့်မှု ၁၃၅ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှု ၄ မှု နှင့် မတရားအသင်း ဖွဲ့စည်းမှု ၃ မှုအထိ ပါဝင်ခဲ့ကြောင်း သိရသည်။