ပြည်ထောင်စုရိပ်သာ စီမံကိန်း ထူးကုမ္ပဏီမှ ကန်ဒေါ်လာသန်း ၃၀၀ ရင်းနှီးမည်

ပြည်ထောင်စုရိပ်သာ စီမံကိန်း ထူးကုမ္ပဏီမှ ကန်ဒေါ်လာသန်း ၃၀၀ ရင်းနှီးမည်
by -
မဇ္စျိမ

ထူးကုမ္ပဏီများအဖွဲ့က ကြယ်လေးပွင့် အဆင့်ရှိဟိုတယ်၊ ရုံးခန်း၊ လူနေခန်းနှင့် စျေးဝယ်စင်တာ တို့ပါ၀င်သောပြည်ထောင်စု ရိပ်သာ စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း  ထူးကုမ္ပဏီ၏ အကြံပေး ဦးလှဘော်က မဇ္စျိမကို ပြောသည်။

ထိုစီမံကိန်းကို ထိုင်းနိုင်ငံ SIAM STEEL International ကုမ္ပဏီမှ ဒီဇိုင်းနှင့် လိုအပ်သောပစ္စည်းများ တာဝန်ယူမည် ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် လုပ်ငန်းစတင်မည်ဖြစ်သည်။ ဟိုတယ်ကို ၈လမှ ၁၀လအတွင်း အပြီးသတ်မည် ဖြစ်ကာ စီမံကိန်းတခုလုံးအား နှစ်နှစ်ခန့် အချိန်ယူ ဆောင်ရွက်မည် ဟုမေလ၁၀ရက်နေ့ ကန်တော်ကြီး ပဲလေ့(စ်) ဟိုတယ်တွင် ကျင်းပသည့် စီမံကိန်းအတွက် သဘောတူ စာချူပ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ဦးလှဘော်က “အခုလောလောဆယ်တော့ ရန်ကုန်ရဲ့ Shotrage (ပြတ်လပ်ရှားမှု) ဖြစ်နေတဲ့ ဟိုတယ် အခန်းတွေရဲ့ ဟာကို ဖြေရှင်းဖို့ဒါကိုဦးစားပေးပြီး အချိန်တိုတိုအတွင်းမှာ လုပ်ရတာပဲ။ အခုဒီဇိုင်း တွေလည်း ပြီးလို့ ခွင့်ပြုချက်တင်မယ်။ အဲဒါက တလလောက်တော့ကြာမယ်” ဟု ဆိုသည်။

အဆိုပါ ပြည်ထောင်စု ရိပ်သာစီမံကိန်းတွင် အခန်းပေါင်း ၃၅၈ခန်းပါ အထပ်ရထပ် ရှိကြယ်လေးပွင့် ဟိုတယ်၊ စီးပွားရေး လုပ်ငန်းများအတွက် ရုံးခန်းများ ပြုလုပ်မည့် ၈ထပ်အဆောက်အဦး၊ အထပ် ၅ ထပ်ပါ စျေးဝယ်စင်တာ၊ နိုင်ငံခြားသားများအား နှစ်ရှည်ဌားရမ်းမည့် Service Apartment ၈ထပ် အဆောက်အအုံနှင့် လူနေခန်း အဆောက်အအုံ စသည်တို့ ပါ၀င်မည် ဖြစ်ကာ ရန်ကုန်-ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်စာလမ်းထောင့်ရှိ ၂၁.၉ ကျယ်ဝန်းသည့် မြေပေါ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။

ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမြင့်သန်းက “ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ရန်ကုန်မြို့ရဲ့ Land Mark(အထင်ကရ) နေရာတခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

ထူးဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ အနှ့ံတွင် ဟိုတယ်၁၆လုံးဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ ထူး ကုမ္ပဏီပိုင် မြေနေရာလွတ်များတွင်လည်း ဟိုတယ်များ ဆောက်လုပ်ရန် စီစဉ်နေကြောင်း ဦးလှဘော်က မဇ္စျိမသို့ ဆက်လက်ပြောသည်။

Most read this week