ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်း များကို အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးရန် အခန်းကဏ္ဍတခု အနေဖြင့် ဆောင်ရွက် ပေးရန်လိုအပ် ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဝင်းမောင်က မဇ္စျိမသို့ပြောသည်။
ယုံကြည်ချက်ကြောင့် ထောင်ထဲတွင် နေခဲ့ရပြီး ပြန်လည်လွတ်မြောက် လာချိန်တွင် နိုင်ငံရေး အကျဉ်းသား များ ၏ စီးပွားရေး ၊ လူမှုဘဝ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် နောက်ကျ လျှက်ရှိပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာများတွင် အားနည်းချက်များ လည်းရှိနေကြောင်း လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကူညီထောက်ပံ့ ပေးနေသော နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့ချူပ်မှ ဦးမြင့်ဝင်းမောင်က ဆက်လက် ပြောကြားသည် ။
ဦးမြင့်ဝင်းမောင်က “ ထောင်ထဲမှာ ၁၀နှစ်၊ ၁၅နှစ်လောက် နေခဲ့ရတော့ အပြင်လောကနဲ့ အဆက်ပြတ် သွားတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်ပြီး လွတ်မြောက်လာ တဲ့နိုင်ကျဉ်းတွေ အပေါ် အစိုးရရဲ့ အခန်းကဏ္ဍတွေနဲ့ လွှတ်တော်ထဲ ရောက်နေတဲ့လူတွေရဲ့ အခန်းကဏ္ဍတွေ ကနေ အဆိုပြု ကူညီပေးသင့်တယ် ” ဟုရှင်းပြသည်။
လက်ရှိ အခြေအနေတွင် လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများနှင့် ကူညီထောက်ပံ့ ပေးနေသော သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း အားချိတ်ဆက်ပြီး အထောက်အပံ့ ယူနိုင်ကြောင်း တော်ဝင်နှင်းဆီတွင် ပဥ္စမကြိမ်မြောက် ထောက်ပ့ံငွေ ပေးအပ်ပွဲတွင် ဦးဝင်တင်မှ ဖိတ်ခေါ်ခဲ့သည်။
ဦးဝင်းတင်က “ကျွန်တော်က နာမည်ခံတယ်။ အလှူရှင်တွေရဲ့စေတနာကြောင့် ဒီလိုလှူဒါန်း ရတာပါ။နိုင်ကျဉ်းတွေအ တွက် ပြန်လည်ထူ ထောင်ရေးတွေ အလုပ်အကိုင် စီးပွားရေးတွေ လိုအပ်နေကြမှာပါ။ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် ချိတ်ဆက်ပြီး လှူဒါန်းပေးရခြင်း ဖြစ်တယ်” ဟုဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ် စ၍ယုံကြည် ချက်ကြောင့် အကျဉ်း ကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားပေါင်း ၈၀၀၀ ကျော် ရှိပြီး ထောင်တွင်း သေဆုံး သူများလည်း ရှိသည်။
လက်ရှိဦးသိန်းစိန် အစိုးရ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာ ခွင့်ကြောင့် ပြန်လည် လွတ်မြောက် လာပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ တွင် နိုင်ငံရေး အကျဉ်းသား ၁၀၀ခန့် ရှိနေကြသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ်မှ ဦးမြင့်ဝင်းမောင်၏ အဆိုအရ သိရသည်။