ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲ၍ တရားရင်ဆိုင်နေရသူ စစ်ပြေးဒုက္ခသည် ဦးလထော် ဘရန်ရှောင်ထံမှ ဖြောက်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်ကို မြစ်ကြီးနား ခရိုင်တရားရုံးက ထပ်မံ ပယ်ချခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် မတ်လ ၅ ရက်နေ့က ဦးဘရန်ရှောင်၏ ရှေ့နေက လျှောက်ထားခဲ့မှုကို မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြင့်ထူးက ပယ်ချခဲ့ပြီးနောက် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက် ထားခဲ့ရာ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ထပ်မံ ပယ်ချခဲ့ခြင်း ဖြစ်သည်။
“ဖြောင့်ချက်ယူနဲ့ တရားသူကြီးကို စစ်ခွင့်ပေးဖို့ လျှောက်တာ ခရိုင်ရုံးက ပယ်ချတယ်။ ဖြောင့်ချက်ယူတဲ့အခါ အသံဖမ်းစက် တွေ့တာ အငြင်းမပွားဘူး ထင်ရှားပြီးသား ဖြစ်တယ်။ ခုလို ကျနော်တို့ လျှောက်တာက တရားရုံးကို အနှောက်အယှက်ဖြစ်စေတယ်ဆိုပြီး သုံးသပ်ပြီးတော့ ပယ်ချလိုက်တယ်” ဟု ဦးဂျီမာခါး က ပြောသည်။
ဦးဇော်မင်းအား သက်သေ သို့မဟုတ် ရုံးခေါ်သက်သေအဖြစ် စစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်အား ပယ်ချလိုက်ခြင်းမှာ တရားမျှတမှု မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။
“သူတို့က အမှန်တရားကို ဖုံးကွယ်နေတယ်။ အခု တရားရေးစနစ်က လုံးဝ မျှတမှု မရှိဘူးဆိုတာ ပြတာပဲ။ ဒါက ကျနော်တို့ ဘက်က အခွင့်အရေးပဲ။ သူ ဒဏ်ရာရတာက အမျိုးမျိုးဖြစ်နေတယ်။ သူ့ကို ဖြောင့်ချက်ယူတဲ့ တရားသူကြီးက ဒဏ်ရာ မရှိဘူး။ တရားလို သက်သေတွေက ဒဏ်ရာရတယ်ဆိုပြီး အမျိုးမျိုး ဖြစ်နေတယ်။ အဲဒီလို အငြင်းပွားနေလို့” ဟု ပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ် တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိသဖြင့် တရားသူကြီး ဦးမြင့်ထူးက ထိုနေ့မှာပင် ရုပ်သိမ်းလိုက်သည်။
ဦးဘရန်ရှောင်သည် ယခုရက်ပိုင်းအတွင်း ထမင်းစားလျှင် ဝမ်းဗိုက်တွင် နာကျင်မှုများ ခံစားရကြောင်း ရင်ဘတ်တွင် နာကျင်ကိုက်ခဲမှုများ ခံစားနေရသည်ဟု ယနေ့ ရုံးချိန်းတွင် ဦးဘရန်ရှောင်ကရှေ့နေကို ပြောပြခဲ့သည်ဟု သိရသည်။ ယခင် စရဖ ၏ နှိပ်စက်ထားသည့် ဒဏ်များ ဖြစ်နိုင်ကြောင်း ဦးဘရန်ရှောင်က ယူဆနေသည်ဟု ဆိုသည်။
သူ့ကို ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေး ဒုက္ခသည် စခန်းမှ ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနား စရဖ ထံ လွှဲပြောင်းပေးခဲ့စဉ် နှိပ်စက်ခံရသည်ဟု ကံယံကံရှင်က ထုတ်ဖော် ပြောဆိုခဲ့သည်။ နောက်ပိုင်း မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ပြန်လည် တရားစွဲဆိုခဲ့သည်။
လက်ရှိ ကချင်ပြည်နယ်တွင် မတရားအသင်းပုဒ်မဖြင့် တရားရင်ဆိုင်နေရသူ အနည်းဆုံး ၁၁ ဦး ရှိနေပြီး ယင်းအမှုဖြင့် ထောင်ကျခံရသူ ၂၁ ဦး ရှိသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။