လွတ်ငြိမ်းချမ်းသာခွင့်စနစ် ပြန်ပြင်ရန် နိုင်/ကျဉ်း စိစစ်ရေးကော်မတီဝင် လိုလား

လွတ်ငြိမ်းချမ်းသာခွင့်စနစ် ပြန်ပြင်ရန် နိုင်/ကျဉ်း စိစစ်ရေးကော်မတီဝင် လိုလား
by -
မဇ္စျိမ

လက်ရှိအစိုးရ၏ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်စနစ်မှာ စိတ်မချရသည့် အတွက် လုံးဝ လွတ်ခွင့်ပေးရန် တင်ပြတောင်းဆိုသွားမည်ဟု လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ကိုညိုထွန်း က ပြောဆိုလိုက်သည်။

မေ ၁၁ ရက်နေ့တွင်ပြုလုပ်မည့် ကော်မတီ၏ အစည်းအဝေးတွင် တင်ပြမည်ဟု သူကဆိုသည်။

“၄၀၁ နဲ့ ပတ်သက်လို့ ကျနော်တို့ ပြောမှာ။ ဒါတွေက ကျန်နေသေးတဲ့  ၄၀၁ တွေ စိတ်မချရတဲ့ အဆင့်ကိုရောက်နေပြီ။ ဒီလိုမျိုး နှောင်ကြိုးနဲ့ မထားဘဲနဲ့ လုံးဝ လွှတ်ပေးသင့်တယ် ဆိုတဲ့ အကြောင်းကို ပြောမယ်။ အခုဆို နာမည်ကြီး လူတွေကအစ ၄၀၁ နဲ့ ငြိနေတယ်လေ။ ကြွေးကျန်တွေ ရှိနေတယ်။ အဲဒါတွေကို ကော်မတီကို တင်ပြမယ်ခင်ဗျ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ကိုညိုထွန်း က မဇ္စျိမကိုပြောသည်။

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်များတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ဖြင့် အကျဉ်းသား များအား လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုပုဒ်မ ၄၀၁(၃)တွင် “ပြစ်ဒဏ်တရပ်ကို ဆုံင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးရန် ထားရှိသည့် စည်းကမ်းချက် တစုံတရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရလျှင် နိုင်ငံတော် သမ္မတသည် ဆိုင်းငံ့ထားသည့်အမိန့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့် ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးပြီး ပြစ်ဒဏ်မစေ့ကုန်သေး သည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့် ရှိသည်” ဟု ပါရှိသည်။

ထို့ကြောင့် ဗိုလ်ကြီးဟောင် းနေမျိုးဇင်သည် ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ပန်းတနော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ပုဒ်မ ၄၀၁ ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်၍ လက်ကျန်ပြစ်ဒဏ် ၆ နှစ်ကိုပါ တပါတည်း ကျခံခဲ့ရသည်။

ယခုကဲ့သို့ အရေးယူခြင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအား ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟုလည်း အဆိုပါပုဒ်မဖြင့် နှစ်ရှည်ထောင်ဒဏ်များမှ လွတ်လာသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ က ဆိုသည်။

“ပြုပြင်ပြောင်းလဲရေး တကယ်လုပ်မယ်ဆိုရင် အကုန်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်။ ဘာအကန့်အသတ် မှ မရှိရဘူး။ အကြွေးစာရင်းတွေပါ အကုန်ပယ်ဖျက်ပေးရမယ်။ အကြွေးကျန်တွေကို ထောင်ထပ်ချဦးမယ် ဆိုရင် ခြိမ်းခြောက်လိုက်တာပဲ” ဟု မဇ္စျိမကို ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် သမ္မတက ဖေဖေါ်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ယနေ့တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ House of Entertainment မှ ဦးသူရ (ဇာဂနာ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ဦးဘိုကြည်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့် စသူတို့ ပါဝင်သည်။

ကော်မတီ၏ တာဝန်မှာ နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက် များ ညှိနှိုင်း ရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားများ စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ်တွေ့ရှိချက်များကို သမ္မတထံသို့ တင်ပြရမည် ဖြစ်သည်။

လက်ရှိအစိုးရ သက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ရ ကြိမ်ပေးခဲ့ပြီး အကျဉ်းသားပေါင်း ၆ သောင်းနီးပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုလက်ရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၂၂ ယောက် ကျန်ရှိနေသေးကြောင်း AAPP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week