မြန်မာနိုင်ငံတွင် ပထမဆုံး လူ့အခွင့်အရေး ပညာပေး ရုပ်သံ အစီအစဉ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းများတွင် ပြသနိုင်ရန် “လူ့အခွင့်အရေးစကားသံ” အစီအစဉ်ကို မေလ ရ ရက်တွင် စတင်ရိုက်ကူးနေပြီ ဖြစ်သည်။
မကြာမီ ပြည်တွင်း ရုပ်သံလိုင်းများမှ ပြသရန် စီစဉ်နေသည့် “လူ့အခွင့်အရေး စကားသံ” ရုပ်သံ အစီအစဉ်ကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ၂၀၁၃ ခုနှစ်၊ မေလ ရ ရက်နေ့က ရိုက်ကုန်းရေးလုပ်ငန်းများ စတင်နေစဉ်။ (ဓါတ်ပုံ - Hongsar ၊ မဇ္ဈိမ)
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ရိုက်ကူးရေးလုပ်ငန်းများ စတင်နေသည့် ထိုအစီအစဉ်တွင်
ဖျော်ဖြေမှုနှင့် ပညာပေးမှု နှစ်ခုလုံး ပါဝင်နိုင်ရန် စီစဉ်နေကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မဇ္စျိမကို ပြောသည်။
“ပွင့်လင်းလာတဲ့ အခြေအနေအရ ပြည်တွင်းမှာရှိတဲ့ ရေဒီယိုတွေ၊ ရုပ်သံလိုင်းတွေက လူ့အခွင့်အရေး ကိစ္စတွေကို လုပ်ဆောင်ချင်တယ်၊ လုပ်ဆောင်စေချင်တယ်ဆိုတဲ့ ဆန္ဒတွေကို ကျနော်တို့ ကြားရတယ်။ အဲတော့ ဖျော်ဖြေမှုလည်းပါ၊ ပညာပေးမှုလည်း ပါတဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်နေပါပြီ” ဟု ဆိုသည်။
HREIB အနေဖြင့် အဆိုပါ “လူ့အခွင့်အရေး စကားသံ” အစီအစဉ်ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ မှ စတင်ရိုက်ကူး ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး ယခု မြန်မာနိုင်ငံတွင်း စတင်ရိုက်ကူးခြင်း
ဖြစ်သည်။
အစီအစဉ်တခုလျှင် မီနစ် ၂၀ ခန့် ကြာသည့် အစီအစဉ် ၈ ခုပါဝင်သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ဘာသာရေးမှ လူ့အခွင့်အရေး တိုးတက်ရန် လုပ်ဆောင်မှု၊ မီဒီယာများအား ကာကွယ် စောင့်ရှောက်ခြင်း၊ လယ်ယာမြေပြဿနာများနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့် စသည်တို့ ပါဝင်သည်။
“ဒီအစီအစဉ်လေးက လူ့အခွင့်အရေး စကားသံ ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ကိုယ်တို့ရဲ့ မြန်မာပြည် ပြည်သူလူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ပညာသင်ကြားခွင့်တို့၊ ကျန်းမာရေး အခွင့်အရေးတို့၊ နိုင်ငံရေး အခွင့်အရေးတို့ အများကြီးရှိတယ်။ ဒါတွေကို ဗဟုသုတအနေနဲ့ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာလေးကို ကိုယ်တို့ လုပ်တာပါ” ဟု ရိုက်ကူးရေး ဒါရိုက်တာ ဦးဇော်ကြီး က မဇ္စျိမကို ပြောသည်။
သရုပ်ဆောင်များအဖြစ် အသက် ၁၈ နှစ်မှ ၃၀ ကြား လူငယ်အမျိုးသား ၈ ဦး နှင့် အမျိုးသမီး ရ ဦးတို့ပါဝင်ပြီး ၎င်းတို့မှာ ထိုင်းနိုင်ငံမှာ ရိုက်ကူးစဉ်ကထက် ပိုစိတ်ဝင်စားလာကြသည်ဟုလည်း ဦးအောင်မျိုးမင်း က ပြောသည်။
“အရင်တုန်းက ဒီအစီအစဉ်ကို စစချင်း တုန်းကဆိုရင် ပါဝင်ဖို့အတွက် လူတွေက တော်တော် ကြောက်ကြ တယ်။ အနေအထားအရလည်း ပါလိုက်ပြီးလို့ရှိရင် မြန်မာပြည် ပြန်မရဘူးတို့၊ အစိုးရက တခုခုလုပ်မှာ စိုးတဲ့ အတွက်ကြောင့် သိပ်ပြီးတာ့ မပါကြဘူး။ အခုတော့ ပွင့်လင်းလာတဲ့ အချိန်မှာ လူတွေက ပိုပြီးတော့ ပါဝင်လာကြတယ်” ဟု ဆိုသည်။
သရုပ်ဆောင် မစုချစ်ကလည်း ထိုအစီအစဉ်တွင် ပါဝင်ခြင်းကြောင့် “ကြောက်တာတော့ မရှိပါဘူူး” ဟု မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
သရုပ်ဆောင် ၁၅ ဦးတွင် ထိုင်းနိုင်ငံတွင် ရိုက်ကူးဖူးသည့် ၃ ဦးသာ ပါရှိသည်။
“ပြောင်းလဲလာတဲ့ အစိုးရနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ဥပဒေတွေကို အားနည်းတဲ့ အခြေအနေတွေကို ထောက်ပြ ရမယ့် အစီအစဉ်ဆိုတော့ ပိုပြီးတော့ အားရကျေနပ်ပါတယ်။ ကျနော်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အတွက် တထောင့်တနေရာကနေ ပါဝင်ချင်တဲ့ သူလေ” ဟု ထိုင်းနိုင်ငံတွင် ရိုက်ကူးစဉ်ကလည်း ပါဝင်သရုပ်ဆောင်ခဲ့သည့် ကိုလင်းဇော် က ပြောသည်။
ယခု ရိုက်ကူးနေသည့် အစီအစဉ် ၈ ခုကို မေလ ၁၀ ရက်နေ့တွင် အပြီးသတ် ရိုက်ကူးမည် ဖြစ်သည်။