စစ်အစိုးရလက်ထက် စစ်တပ်သိမ်း လယ်မြေများကို သီးစားချခြင်း မပြုဟု တပ်မတော်ခေါင်းဆောင်ပိုင်းက ဆိုသော်လည်း လက်တွေ့တွင် လယ်သမားများအား သီးစားချထားဆဲ ဖြစ်သည်ကိုတွေ့ရကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၊ ရခိုင်ပြည်နယ် အဖွဲ့ခွဲက ဆိုသည်။
ဧပြီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ စစ်တပ်သိမ်းဆည်းမြေများအား ကွင်းဆင်း စစ်ဆေးနေစဉ် အတွင်းတွေ့ရှိချက်များကို အခြေခံ၍ ပြည်နယ်ကော်မရှင် အဖွဲ့ဝင် ဦးဖေသန်း က မဇ္စျိမကို ဤသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။
“ကုန်ခဲ့တဲ့ ဇန်နဝါရီ ၂၈၊ ၂၉ မှာ ကော်မရှင်နဲ့ စစ်ဘက်အရာရှိတွေ နေပြည်တော်မှာ တွေ့ကြတဲ့အခါ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင် က တပ်မတော်အနေနဲ့ သီးစားချထားခြင်း မပြုတော့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် လက်တွေ့ ကွင်းဆင်းတဲ့အခါ သီးစားချနေတာတွေကို တွေ့လာရတယ်။ တချို့တပ်ဘက် အရာရှိတွေ ဆိုရင် လယ်သမားတွေကို သီးစားလည်း မချတော့ဘူး၊ လယ်လုပ်ခွင့်လည်း မပေးတော့ဘူး ပြောတယ်။ လယ်သမားတွေမှာ လယ်ပိုင်ဆိုင်ခွင့် မရှိရုံသာမက လယ်လုပ်ခွင့်ပါ ဆုံးရှုံးရမယ့် အနေအထားကို ရောက်နေကြ ရတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ရှင်းပြသည်။
ကော်မရှင်က ရခိုင်ပြည်နယ်အတွင်း မြေသိမ်းမှုများကို ယခင်က နှစ်ကြိမ် စစ်ဆေးခဲ့ပြီး ယခု တတိယအကြိမ် ၄ မြို့နယ် စစ်ဆေးမှုတွင် ရသေ့တောင် ၂ မှု၊ ကျောက်တော် ၁၂ မှု၊ ပေါက်တော ၁၁ မှု၊ စစ်တွေ ၄ မှုဖြင့် စုစုပေါင်း ၂၉ မှုကို စစ်ဆေးသွားမည်ဟု ဆိုသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် မြေယာသိမ်း၍ တိုင်တန်းမှုပေါင်း တထောင်ကျော် ရှိနေပြီး ထက်ဝက်ခန့်မှာ စစ်တပ် သိမ်းဆည်းမြေများ ဖြစ်နေသည်ဟု ကော်မရှင်က ဆိုထားသည်။ ထို့ပြင် ကော်မရှင်သို့ မရောက်ဘဲ စစ်တပ်သိမ်းမြေဧကပေါင်း မြောက်များစွာ ရှိနိုင်သည်ဟုလည်း ဦးဖေသန်း က မှတ်ချက်ပြုသည်။
စစ်တပ် အများဆုံးတည်ရှိရာ အမ်းမြို့နယ်တွင် တပ်သိမ်းမြေ အများဆုံး ရှိနေပြီး ယနေ့တိုင် သီးစားခ တောင်းခံနေကြောင်း အမ်းမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး က ပြောသည်။
“လယ်သမားတွေဟာ ဒီကနေ့ထိ တပ်ကို သီးစား ပေးနေရတုန်းပါပဲ။ ထောက်ပို့ တပ်နားက တောင်သူတွေ ဆိုရင် ဒီနှစ်မှာ သီးစားခ မပေးဘူးဆိုရင် လယ်မလုပ်ရတော့ဘူး လို့တောင် ဖိအားပေး ခံနေကြရပါတယ်” ဟု မဇ္စျိမကို ပြောသည်။
အမ်းမှ ကော်မရှင်သို့ တပ်သိမ်းမြေ ဧက ၁,၀၀၀ ကျော်အတွက် တိုင်တန်းခဲ့သော်လည်း ယနေ့တိုင် လာရောက် စစ်ဆေးခြင်းမရှိသေးကြောင်း ဒေါ်သွယ်သွယ်စိုး က ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် “သစ်ပုတ်တောင် ရေတပ်က သိမ်းထားတဲ့ လယ်မြေကို အရင်နှစ်တွေက ကနဦးပိုင်ရှင် လယ်သမားတွေက တပ်ကို သီးစားခပေးလို့ ကိုယ့်မြေကို လုပ်ကိုင်ခွင့် ရခဲ့တယ်။ ဒီနှစ်မှာ သီးစား ချမပေးတော့တဲ့အပြင် ခြံစည်းရိုး ကာလိုက်ပြီး လယ်လုပ်ခွင့်ကို လုံးဝ ပိတ်ထားလိုက်တယ်” ဟု တပ်သိမ်းမြေ ပြန်လည် ရရှိရေး ဆောင်ရွက်ပေးနေသူ ကျောက်ဖြူမြို့မှ ရှေ့နေ ဦးထိန်လင်း က ပြောသည်။
ကျောက်ဖြူအခြေစိုက် သစ်ပုတ်တောင် ရေတပ်မှ စိုင်ခြံု၊ နဂါးတောင်ဒေသတွင် လယ်မြေဧက ၁၀၀ ခန့် သိမ်းထားခြင်း ဖြစ်ပြီး အမှုကို တိုင်းတန်းထားခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကော်မရှင် စစ်ဆေးမှုအပြီး တပ်ဘက်မှ ယင်းသို့ပြုမူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးထိန်လင်း က ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် တပ်သိမ်းမြေ အများအပြား ရှိနေသော်လည်း တောင်သူများမှာ ယနေ့အချိန်ထိ စစ်တပ်ကို ကြောက်ရွံ့နေကြဆဲဖြစ်၍ ကော်မရှင်သို့ မတိုင်းတန်းရဲသဖြင့် ဧက ၃၀၀ ကျော်ကိုသာ ကော်မရှင်သို့ တိုင်တန်းထားသေးသည်ဟု ကျောက်ဖြူမြို့နယ် RNDP နာယက ဦးကျော်သာ က ဆိုသည်။
သံတွဲမြို့နယ်တွင်လည်း မြပြင်ကျေးရွာမှ ဒေါ်မသန်းပိုင်မြေ ၁.၇၅ ဧကကို ခလရ(၅၅)၊ မောင်ရွှေလေးရွာမှ ဦးကလေးဖြူနှင့် လယ်သမားများပိုင်မြေ ၆၁၂.၁၈ ဧကကို ပင်မရေငုတ်တပ်မှ သိမ်းဆည်းမှုအား တိုင်းကြား ချက်မှာလည်း ယနေ့အထိ ဘာမျှမထူးခြားသေးကြောင်း မြေသိမ်းခံ တောင်သူတို့က ပြောသည်။
ဂွမြို့နယ်၊ ကမ်းသာယာရှိ တပ်သိမ်းမြေများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြပွဲ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး ကျိန္တလီ မြို့နယ်ခွဲတွင်မူ ကော်မရှင်၏ အကြောင်းကြားမှုကို စောင့်နေသေးကြောင်း သဲကုန်းကျေးရွာမှ တောင်သူ ဦးဝင်းထွဋ် က ပြောသည်။
“ဂွမြို့နယ် လယ်သမားတွေကတော့ သမ္မတကြီးနဲ့ ကော်မရှင် အကြောင်းပြန်ချက်ကို စောင့်နေတယ်။ စောင့်တယ် ဆိုတာကလည်း အတိုင်းအတာ ရှိတာပေါ့ဗျာ။ ပြဿနာက မကြာခင် မိုးရာသီ ရောက်တော့မယ်။ စိုက်ပျိုးရာသီမှာ လယ်သမားတွေ စိုက်ပျိုးစရိတ် လိုနေတယ်။ စစ်တပ်က သိမ်းထားလို့ လယ်သမားတွေမှာ စိုက်ပျိုးစရိတ် မရ ဖြစ်နေတယ်” ဟု ဆိုသည်။
ကျိန္တလီတွင် သီးစားခ လာမကောက်သော်လည်း တရားဝင်ပြန်လည် လွှဲပြောင်းခြင်း မရှိသေး၍ စိုက်ပျိုး စရိတ် မရ ဖြစ်နေသည်။ ကမ်းသာယာတွင်မူ တောင်သူများ၏ လယ်နှင့် ဥယျာဉ်ခြံမြေ များအား စစ်တပ်အသိမ်းခံခဲ့ရပြီးနောက်ပိုင်း လုပ်ကိုင်ခွင့် လုံးဝမရဟု သိရသည်။
ဂွမြို့နယ်တွင် ခလရ ၅၅ က ကမ်းသာယာရွာ လယ်သမားများပိုင် ၃၀၇ ဧကနှင့် ကျိန္တလီမြို့နယ်ခွဲ လယ်သမား များပိုင် ရ၄၇.၄၅ ဧကကို သိမ်းဆည်းထားကြောင်း ကော်မရှင်က ဆိုသည်။
ထိုသို့ တိုင်တန်းမှုများ အရာမထင် ဖြစ်နေရခြင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဖေသန်း က “စုံစမ်းစစ်ဆေး ချက်တွေအရ လယ်သမားတွေ မတရား ခံနေရတာကို ကျနော်တို့ သိပါတယ်။ သူတို့မှာ အမှန်တရားကို သွားမယ့် ထွက်ပေါက် မရှိ ဖြစ်နေတယ်။ ကော်မရှင်မှာက အဆုံးအဖြတ် ပေးနိုင်တဲ့ ပါဝါမရှိပါဘူး။အစိုးရကသာ အဆုံးအဖြတ်
ပေးရမှာဖြစ်တယ်။ သူတို့အတွက် အမှန်တရား ထွက်ပေါက်တခု ရတဲ့အထိ ဖြစ်ရပ်မှန် ပေါ်ပေါက်တဲ့အထိ ကျနော်တို့ ကြိုးပမ်းနေပါတယ်။ တခြားနည်းတွေ သုံးမယ်ဆိုရင်လည်း ဥပဒေဘောင်ထဲကနေ ဆန္ဒဖော်ထုတ်မှုတွေ လုပ်သွားကြဖို့ ပြောလိုပါတယ်” ဟု ဆိုသည်။
ပြည်နယ် ကော်မရှင်ခွဲအနေဖြင့် ယမန်နှစ် စက်တင်ဘာ နှင့် ဒီဇင်ဘာလများတွင် တိုင်တန်းမှု ၁၈ မှု စစ်ဆေးခဲ့ပြီး စစ်ဆေးချက် အပိုင်း (၁)နှင့်(၂) အစီရင်ခံစာများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားရာတွင် တုန့်ပြန်မှု တစုံတရာ မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ဦးတင်ထွဋ် ဦးဆောင် သည့် စုံစမ်းရေး ကော်မရှင်ကို အထက်အောက် လွှတ်တော် ကိုယ်စားလှယ် ၆၀ ဖြင့် အဖွဲ့ ၉ ဖွဲ့ ခွဲ၍ စစ်ဆေးစေခဲ့ရာ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့ခွဲတွင် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် ၈ ဦး ပါဝင်သည်။