ရှေးဟောင်း သုတေသနဇုန်တွင် စေတီသစ် တည်ခြင်းအား တရားစွဲထား

ရှေးဟောင်း သုတေသနဇုန်တွင် စေတီသစ် တည်ခြင်းအား တရားစွဲထား
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ ကျောက်တော် ရှေးဟောင်း သုတေသနဇုန် နယ်မြေအတွင်းရှိ မဟာမုနိ ပရိဝုဏ်ဝင်းထဲ စေတီ တည်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရှေးဟောင်း သုတေသန ဌာနမှ စေတီတည်သူများ ကို တရားစွဲထားကြောင်း သိရသည်။

(ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

အမြင့် ကိုးတောင် (၁၃.၅ ပေ) ရှိပြီး “ကိုးနဝင်း စေတီ” ဟု အမည်ပေးထားသည့် အဆိုပါ စေတီငယ်ကို အမည်မသိ လူတစုက ဧပြီလ ၈ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း ညအချိန်များတွင် တည်ထားခဲ့ကြခြင်း ဖြစ်သည်။

“ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ဧပြီ ၈ ရက်နေ့က ပန်းရန်ဆရာ ၂၀ လောက်နဲ့ ပန္နက်ချတယ်။ ကျနော်တို့ဌာနက တာဝန်အရ သွားပြီး ဟန့်တား ပါတယ်။ ဒါပေမယ့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ခွင့်ပြုချက်နဲ့ တည်ဆောက်တာဆိုပြီး တားမြစ်မှုကို မလေးမခန့် လုပ်ခဲ့တယ်။ ဒါကြောင့် ဧပြီလ ၉ ရက်နေ့မှာ ဌာနက ဥပဒေနဲ့ အညီ ကျောက်တော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သလို မြို့နယ် သာသနာရေး ဦးစီးဌာနကိုလည်း အကြောင်းကြားထားတယ်။ အမှုမှာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆက်စပ်ပါဝင်နေလို့ ပြည်နယ်ကို လွှဲထားတယ်။ ခုအချိန်ထိ ဘာမှအကြောင်း မပြန်သေးဘူး” ဟု မြောက်ဦး ရှေးဟောင်းသုတေ သန ဦးစီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

ကျောက်တော် မဟာမုနိရှေးဟောင်းနယ်မြေကို မြောက်ဦးရှေးဟောင်းသုတေ သနဦးစီးဌာန အောက်တွင် ထားရှိသည်။

ယင်းသို့ တရားမဝင် စေတီတည်သူများအား ဥပဒေအရ အမှုဖွင့်ရာတွင် အလှူရှင်များကို မသိရသေးသဖြင့် ကာယကံမြောက် ကျူးလွန်ခဲ့သူ ပန်းရန်ဆရာ ဦးအောင်စိုးမိုး ကိုသာ တရားစွဲဆိုထားရသည်ဟု အဆိုပါဝန်ထမ်းကပြောသည်။

ထို စေတီငယ် တည်ထားခြင်းအပေါ် ရခိုင်သမိုင်းသုတေသီများ အပါအဝင် ပညာရှင်များ၊ ဒေသခံများကလည်း ကန့်ကွက်လျက်ရှိသည်။

“ရှေးဟောင်းသမိုင်းဝင်ဒေသကို မူလအတိုင်းပဲ ထားသင့်တယ်။ ဘယ်လို အဆောက်အဦ သစ်တွေကိုမှ မဆောက်လုပ်သင့်သလို သက်ဆိုင်ရာကလည်း ခွင့်မပြုသင့်ဘူး။ တကယ်လို့ စေတီဘုရား တည်ထားချင် ရင်လည်း ပရိဝုဏ် ပြင်ပမှာ တည်လို့ရတာပဲလေ” ဟု စစ်တွေမြို့မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က မိန့်ကြားသည်။

မဟာမုနိရုပ်ပွားတော်မှာ ကျောက်တော်မြို့ အရှေ့ဘက် ရ မိုင်အကွာရှိ ပေ ၃၀ မြင့်သည့် မဟာမုနိကုန်း တော်ပေါ်ဝယ် ကိန်းဝပ်စံပ္ပါယ်နေခြင်း ဖြစ်သည်။ ဘုရား ကုန်းတော်တွင် ပစ္စယာ ၃ ခု ရှိပြီး ပထမ ပစ္စယာတွင် မဟာမုနိ ရုပ်ပွားတော်၊ ဒုတိယ ပစ္စယာတွင် နတ်များနှင့် တတိယ ပစ္စယာတွင် ပြတိုက်၊ သိမ်တော်၊ လက်ဆေးကန်တို့ ရှိသည်။ ထိုစေတီငယ်ကို တတိယ ပစ္စယာ အတွင်း တည်ထားခြင်း ဖြစ်သည်။ ရှေးဟောင်းဌာန ဥပဒေအရ ပရိဝုဏ်၏ ပြင်ပ ကိုက် ၅၀ အပြင်ဘက်၌သာ တည်ဆောက်ခွင့် ရှိသည်ဟု သိရသည်။

တာဝန်ရှိသူက ဟန့်တားစဉ် ဆက်တည်ခြင်း၊ လူခြေတိတ်ချိန် ညများတွင်သာ ဆောက်လုပ်ခြင်းနှင့် အမြန်လုပ်ကိုင်နေခြင်းတို့ကြောင့် တစုံ တရာ ယတြာချေခြင်း ဖြစ်နိုင်သည် ဟုလည်း ယူဆနေကြသည်။

“ဘယ်သူပဲဖြစ်ဖြစ် ဒါဟာ လုံးဝ မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ယဉ်ကျေးမှုနယ်မြေမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယတြာချေတာလိုမျိုးဟာ အတော့်ကို အရုပ်ဆိုးတယ်။ ဦးဇင်းကတော့ လုံးဝ ကန့်ကွက်ရှုတ် ချတယ်။ အားလုံး ဝိုင်းကန့်ကွက်ဖို့လည်း တိုက်တွန်းသွားမယ်” ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ အရှင်ကုသလ(ငွေသဇင်)က အမိန့်ရှိသည်။

၎င်းစေတီမှာ ကျမ်းစာများနှင့် ရခိုင်ဓလေ့ထုံးတမ်းအရ ပူဇော်အပ်သည့် စေတီတဆူအဖြစ် အသိအမှတ်ပြုရန် ခက်ခဲသည်ဟု ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က မှတ်ချက်ပြုသည်။

“စေတီဘုရားတွေ တည်မယ်ဆိုရင် သတ္တုရူပ ဗိသုကာကျမ်း အညီ တည်ဆောက် သွန်းလုပ်ကြရတယ်။ သတ္တုရူပဗိသုကာကျမ်း အလိုအရဆိုရင် စေတီတည်မယ့် မြေဟာ သန့်စင်ပြီးသား ဖြစ်နေ ရမယ်။ စေတီမှာ ဌာပနာမယ့် အခန်းအရံတွေ ရွေးချယ် ထည့်သွင်းရမယ်။ သူတို့မှာက ရှေးဟောင်း သုတေသနဌာနက ဥပဒေနဲ့အညီ ထိန်းချုပ်ထားတဲ့ မြေဖြစ်နေတယ်။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသလို အခန်းအရံ ရွေးချယ် ထည့်သွင်းခြင်း မရှိတာကိုလည်း တွေ့ရတယ်” ဟု ထောက်ပြသည်။

အခန်းအရံ ထည့်သွင်းခြင်းဆိုသည်မှာ ကျမ်းစာနှင့်အညီ ဌာပနာထည့်သွင်းခြင်းကို ဆိုလိုသည်။

“စေတီတည်သူတွေ နောက်ထပ် သိရမှာက ရခိုင်စေတီဌာပနာ ၃ ရပ် ရှိတယ်။ မြေအောက် ဌာပနာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မီ ဖွားတော်မူခန်း၊ တောထွက်ခန်းစတဲ့ ဗုဒ္ဓဝင်လာ ဆင်းတုတွေကို ဌာပနာရတယ်။ သပိတ်မှောက် ဌာပနာမှာက ဘုရားဖြစ်ပြီး ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်တော်မူခန်းလို ဆင်းတုတွေကို ဌာပနာရတယ်။ ငှက်ပျောဖူး ဌာပနာကျတော့ ဘုရားက စကုပတိမင်းကို ချွတ်ခန်းစတာတွေနဲ့ ဌာပနာရပါတယ်။ မဟာမုနိကုန်းပေါ်မှာ ဥပဒေမဲ့ တည်ထားရာမှတော့ ဘီလူးရုပ်တွေ၊ ဇော်ဂျီရုပ်တွေနဲ့ လုပ်ထားတယ်။ ကျမ်းဂန်နဲ့ မညီသလို ရခိုင်ရိုးရာ ဓလေ့ထုံးစံတွေနဲ့လည်း ဆန့်ကျင်နေတယ်။ စေတီတခုရဲ့ အင်္ဂါရပ်တွေ မပါဘူးလို့ပဲ ပြောရမယ်” ဟု ရှင်းပြသည်။

မြောက်ဦးမြို့မှ ရခိုင်သမိုင်းသုတေသီ ဝေဒပညာရှင်တဦးကလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘဲ ဥပဒေကို ဆန့်ကျင်၍ သင်္ကြန်အတွင်း ညအချိန်များတွင် စေတီတည်ခြင်းအား ဝေဖန်လိုက်ပြီး ယတြာလုပ်ရန် ကြိုးပမ်းချက်တခုဟု စွပ်စွဲလိုက်သည်။

“ဒါဟာ နောက်ကွယ်က ဘယ်အဖွဲ့အစည်းက ကြိုးကိုင်နေမှန်းမသိပေမယ့် ရခိုင်ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မြင်တယ်။ သူတို့က မဟာမုနိဟာ ရခိုင်တို့ရဲ့ အသက် ဆိုတာ သိတယ်။ ရခိုင်ကို တခုခု လုပ်ချင်ရင် ရခိုင်တို့ရဲ့ ဦးခေါင်းနဲ့ တူတဲ့ မဟာမုနိကို အဓိက ပစ်မှတ်ထားတယ်။ သူတို့က စေတီငယ်ကို ရှစ်သောင်း ပုထိုးပုံစံယူ တည်ထားတယ်။ ၁၅၃၅ ခုနှစ်၊ ရခိုင်ဘုရင် မင်းဗာကြီးက ရှစ်သောင်းကို တည်တဲ့အခါ ဗေဒင် ယတြာအရ တိုင်းပြည်ရဲ့ အာယုအရပ်ဖြစ်တဲ့ နန်းတော်ကုန်းရဲ့ မြောက်ဘက်မှာ တည်တယ်။ အခုဟာက ရှစ်သောင်း ပုံတူ စေတီကို မဟာမုနိရဲ့ အနောက်ဘက်အရပ်ဆိုတော့ ပရိဝါရ လို့ခေါ်တဲ့ မတည်သင့်တဲ့ အရပ်မှာ တည်လိုက်တာ
ဖြစ်တယ်။ ဒါဟာ ဗေဒင်ကိန်းခန်းအရ ကောင်းတဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူး” ဟု ဆိုသည်။

ယခု စေတီငယ်မှာ  ရှစ်သောင်းပုထိုးတော်နှင့် ပုံစံတူဟု ဆိုသော်လည်း ကွဲပြားမှုများရှိသည်။ ရှစ်သောင်း တည်ပုံမှာခေါင်းလောင်းမှောက် ပုံစံ ဖြစ်ကာ ဤစေတီငယ်မှာမူ အောက်ခြေမှစ၍ ၈ မျက်နှာယူထားပြီး အပေါ်ပိုင်း သပိက်မှောက်တွင် ဆောင့်ကြောင့်ထိုင်နေသော ဘီလူးရုပ်များကို ထည့်ထားသည်။

ရခိုင်ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနကို ၁၉၂၀ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ကျောက်တော် ရှေးဟောင်း နယ်မြေကို ပူးတွဲသတ်မှတ်ကာ၊ ၁၉၅၅ ခုနှစ်တွင် မဟာမုနိ ကုန်းတော်၌ ပြတိုက်တခုကို ကုန်းတော်၏ အောက်ဆုံး ပစ္စယာတွင် ထားရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ အဆိုပါ ကျောက်တော် မဟာမုနိ ရှေးဟောင်းဒေသအနီးရှိ မြောက်ဦးမြို့ ဒေသကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခု စာရင်းတွင် ထည့်သွင်းထားခဲ့သည်။