မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ကောက်ခံမှုကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြို့နယ် ၂၀ တွင် စမ်းသပ် ပြုလုပ်နိုင်ခဲ့သည်။
ကျောင်းဆရာ/မ ၁၀၀ ခန့်က ရွေးချယ်ထားသော ကျေးရွာ များတွင် နေထိုင်သူများ၏ အသက်၊ လူမျိုး၊ ပညာရေး၊ အိုးအိမ်ချထားရေး၊ အခြေခံ အဆောက်အအုံ စသည်တို့နှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခြင်းဖြင့် စာရင်းကောက်ယူမှုများ အစမ်း ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေ (UNFPA) အဖွဲ့က စောင့်ကြည့် လေ့လာပေးခဲ့သည်။
“သန်းခေါင်စာရင် စစ်တမ်း ကောက်ယူမှု မရှိခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိခဲ့ပြီမို့ အသက် ၃၀ အောက် ပြည်သူများအနေနဲ့ စစ်တမ်းကောက်ယူမှုရဲ့ အဓိပ္ပါယ်ကို မသိတဲ့အတွက် စိန်ခေါ်မှုတရပ်၊ ဒါမှမဟုတ် အခွင့်အရေးတရပ် အနေနဲ့ မြင်မှာဖြစ်ပါတယ်” ဟု UNFPA နည်းပညာ အကြံပေး အကြီးအကဲ Frederick Okwayo က သန်းခေါင်စာရင် စစ်တမ်း ကောက်ယူမှုဆိုင်ရာ ညီလာခံတွင် ပြောကြားသည်။
ကောက်ခံသည့် အိမ်တိုင်း၏ အိမ်ထောင်ဦးစီးအား မေးခွန်း ၄၁ ခု မေးမြန်းကာ မှတ်တမ်းတင်ကြသည်။
ကောက်ယူသူများက နေ့စဉ် အတွေ့အကြံု ပြန်လည် သုံးသပ်မှုများနှင့် မေးခွန်းများ ပြန်လည်စိစစ်ခြင်းများ
ပြုလုပ်ကြပြီး တာဝန်ရှိသူများထံ အစီရင်ခံကြသည်။
UNFPA မှ လိုက်ပါစောင့်ကြည့်သူများကလည်း လူထု ပူးပေါင်းပါဝင်မှု ပြည့်ဝစေရေးအတွက် မည်သို့ တိုက်တွန်းရမည်ကို သွားရောက်ခဲ့သော ဒေသများရှိ နိုင်ငံရေးပါတီများ၊ ရပ်ရွာ ခေါင်းဆောင်များနှင့် သြဇာတိက္ကမ ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။
လေ့လာတွေ့ရှိရချက်များကို လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနသို့ UNFPA က တင်ပြမည်ဖြစ်သည်။
တရားဝင် စစ်တမ်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ပြီး တနိုင်ငံလုံး ရှိ အိမ်ထောင်စု အားလုံးသို့ လိုက်လံ ကောက်ယူမည့်သူ တသိန်းက က ၁၂ ရက်အတွင်း ဆောင်ရွက်မည်ဖြစ်သည်။
၂၀၁၂ ခုနှစ်က ကုလသမဂ္ဂနှင့် ချုပ်ဆိုခဲ့သော စာချုပ်အရ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုကိုနိုင်ငံ တကာ စံနှုန်းများနှင့်အညီ ကောက်ခံမည် ဖြစ်သည်။
၁၉၈၃ ခုနှစ် ကတည်းက ကောက်ယူမှု မရှိခဲ့သောကြောင့် ယခင် ကိန်းဂဏန်းနှင့် မှတ်ပုံတင် စာရင်းဇယား များမှာ ယခုအခြေအနေနှင့် ဆီလျော်ခြင်း မရှိတော့ပေ။ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင်ထောင်ပေါင်းများ စွာသော ပြည်သူများမှာ ၎င်းတို့၏ အမည်များ မှတ်ပုံတင် စာရင်းထဲတွင် မပါသောကြောင့် မဲမပေးခဲ့ရကြောင်း တိုင်းတန်းမှုများ ရှိခဲ့သည်။ ထိုစာရင်းများကို သန်းခေါင်စာရင်း၏ တရားဝင် အချက်အလက်များမှ ယူထားခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေကို အမျိုးမျိုး ခန့်မှန်းနေကြသည်။ ကမ္ဘာ့ဘဏ် (World Bank) က ၄၈ သန်းဟု လည်းကောင်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သန်း ၆၀ ဟု လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကမူ ၆၄ သန်းဟု လည်းကောင်း အသီးသီး ခန့်မှန်း တွက်ချက်ထားကြသည်။