ရှမ်းပြည်နယ် မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ပိုမိုများပြား လာပြီး မြန်မာအစိုးရအနေဖြင့် ၎င်းကို အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ပလောင် (တအာင်း) အမျိုးသမီး အစည်းအရုံး PWO က ရှုတ်ချလိုက်သည်။
မူဆယ်၊ နမ့်ခမ်း၊ မန်တုံနှင့် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူများအား သမ္မတ ဦးသိန်းစိန် အစိုးရက အရေးယူမှုများ မလုပ်သည့်အပြင် ကာကွယ်ပေးနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် PWO က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဧပြီလ ၈ ရက်နေ့က နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသရှိ ဘိန်းချက်စခန်း ၃ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့နှင့် ပန်းဆေး ပြည်သူ့စစ်များ ပူးပေါင်း၍ ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်ဟု PWO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုပန်းဆေးဒေသရှိ ဝါယော့ပြည်သူ့စစ်စခန်း ၃ ခုမှ ဘိန်းဖြူ ၁ ကီလိုဂရမ်၊ ဘိန်းမဲ ၂ ပိဿာ၊ ယာမ(ရာဘ) အလုံး ၄,၀၀၀ အပြင် အခြား လက်နက်နှင့် ပစ္စည်းများကို TNLA တပ်ဖွဲ့များ သိမ်းဆည်းနိုင်ခဲ့သည်ဟု လိုည်းနွေနှောင်းက ပြောသည်။
“တကယ်တမ်းကျတော့ မြန်မာနိုင်ငံတခုလုံး လုံးဝ အပြောင်းအလဲ မရှိတဲ့အပြင် ကျမတို့ ပလောင်ဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးတာတွေ၊ ရောင်းဝယ်တာတွေ ပိုပြီး များပြားလာတယ်။ အရင် ရပ်ရွာမှာကနည်းနည်းကြပ် တယ်။ ဒီနောက်ပိုင်း လူတွေက အခွင့်အရေး ရလာတော့ ပိုပြီးတော့ လုပ်လာတဲ့ အပိုင်းတွေ ရှိတယ်” ဟု PWO မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ လိုည်းနွေနှောင်း က ပြောသည်။
PWO က ထိုဒေသအတွင်း သွားရောက်ကာ ဘိန်းစိုက်ပျိုးမှု၊ သုံးစွဲမှုနှင့် ရောင်းဝယ်သူများနှင့် ပတ်သက်၍
ဒေသခံ ပြည်သူများနှင့် မေးမြန်း၍ စောင့်ကြည့်လေ့လာခဲ့သည်ဟု ဆိုသည်။
ကွတ်ခိုင်မြို့နယ်တွင် ကောင်းခါး ပြည်သူ့စစ် လက်အောက်ခံ ဒေသများတွင် ဘိန်းအများဆုံး စိုက်ပျိုးကြပြီး မန်တုံမြို့နယ် ဟိုတုံ၊ ဆိုင်လိန်း၊ လွယ်ဆောင်၊ လွမ်းခမ်း၊ ဗော်ဟိုစင်း၊ ကျယ်ကောင်၊ ပါင်ခါး၊ လွယ်ကန်၊ နားအော်ကြီး၊ နားအော်လေး၊ ခိုမုန်း၊ မန်ဆွန်၊ မန်းစပ် ကျေးရွာများနှင့် နမ့်ခမ်းမြို့နယ် ပန်းဆေး၊ မိုင်ဝီး၊ မန်ပူး၊ တာကွမ်း၊ လီရှော-လွယ်လွမ်း၊ သာပန်းကုန်း၊ ရှောက်ပန်းကုန်း ကျေးရွာများတွင် ဘိန်းစိုက်ပျိုးနေကြသည်ဟု
ဖော်ပြထားသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝန်မှုဆိုင်ရာရုံး UNODC ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု
နှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၄၃,၆၀၀ ဟတ်တာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၅၁,၀၀၀ ဟတ်တာအထိ (၁၇ ရာခိုင်နှုန်း) မြင့်တက်သွားခဲ့သည်ဟု ဖော်ပြထားသည်။
ပလောင်အမျိုးသမီးများသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ “အဆိပ်သင့်ပန်းများ”၊ “အဆိပ်သင့်
တောင်တန်းများ”နှင့် “အဆိပ်သင့်နေဆဲ” ဟူသော အစီရင်ခံစာ သုံးခုအား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ထိ
နှစ်စဉ်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မကြာမီ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အစီရင်ခံစာ တခု ထပ်မံ ထုတ်ပြန်ရန် အသေးစိတ် အချက်အလက်များကို ပြင်ဆင်နေသည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး လျော့ကျပပျောက်စေရန် ဦးသိန်းစိန်အနေဖြင့် အဓိက ပြဿနာဖြစ်သည့် နိုင်ငံရေး ပြဿနာကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးကြသော ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် (သို့) ကြံ့ခိုင်ရေး လွှတ်တော်အမတ်များကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန်တို့ ပလောင် (တအာင်း) အမျိုးသမီးများက တောင်းဆိုသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ နမ်းခမ်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့် (ခ) လီယောင်ကျန်း
နှင့် ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦမြင့်လွင် ခေါ် ဦးဝမ်းကွယ်တာနှင့် အောက်လွှတ်တော် အမတ် ဦးတီခွန်မြတ် တို့ကြောင့် ဘိန်းစိုက်ပျိုးမှ ပိုမိုများပြားလာသည်ဟု PWO က စွပ်စွဲထားသည်။
ဧပြီလ ၉ ရက်နေ့တွင်လည်း ပန်းဆေးဒေသတွင် အစိုးရစစ်တပ်နှင့် TNLA တပ်များအကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ သို့သော် တိုက်ပွဲအခြေအနေအား မေးမြန်းရန် တအာင်းတပ်ဖွဲ့အား မဇ္စျိမက ဆက်သွယ်၍ မရခဲ့ပေ။