KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်
by -
မဇ္စျိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြောသည်။

စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ် (Ma Joi) ခန်းမတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။  

“နှစ်ဖက်စလုံး အဲဒီနေ့တွေ့ဖို့ စာကတော့ ထုတ်ပြန်ပြီ။ ၅ ရက်နေ့ KIO ကို သွားခေါ်မယ်။ တွေ့ဖို့ ရာခိုင်နှုန်း များတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ သဘောတူ လက်မှတ်ထိုးရေး ရောက်ဖို့က ဆွေးနွေးတဲ့အပေါ်မှာ မူတည်တယ်” ဟု ဦးအင်စင်းဆန်အောင် က ပြောသည်။

ဧပြီ ၅ ရက်နေ့တွင် KIO ကိုယ်စားလှယ်များအား PCG ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား၏ လက်ထောက် တဦးတို့ ပါဝင်၍ လိုင်ဇာမြို့သို့ သွားရောက် ကြိုဆိုမည်ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တနှစ်ကျော်ကြာ ချိတ်ပိတ်ထားသော KIO ဆက်ဆံရေးရုံး နှင့် မနောကွင်း ပတ်ဝန်းကျင်အား ယမန်နေ့မှ စတင်၍ ပေါင်းမြက်များ ရှင်းလင်းနေသည်ဟု မြစ်ကြီးနားမြို့ခံ ဦးအင်စင်းဆန်အောင် က ပြောသည်။

ထိုသို့ တွေ့ဆုံရန် သဘောတူညီမှု ရထားသော်လည်း KIO ကိုယ်စားလှယ်များ၏ လုံခြံုရေးအတွက် အစိုးရဘက်မှ မည်မျှ တာဝန်ယူပေးမည်ကို တင်ပြထားဆဲ ဖြစ်၍ ၎င်းအပေါ်မှာ မူတည်၍ တွေ့ဆုံမည် ဖြစ်ကြောင်း KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။

“မြစ်ကြီးနားမှာ ပြန်တွေ့ဖို့ စီစဉ်နေတာတော့ ရှိတယ်။ ဒါပေမယ့် တခြားလုံခြံုရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းစရာတွေ နည်းနည်း ရှိသေးတယ် ထင်တယ်။ လုံခြံုရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက် အတိုင်းအတာထိ တာဝန်ယူ ပေးနိုင်မလဲ၊ ဘယ်လို လက်တွေ့လုပ်မလဲဆိုတာ တင်ပြထားတာရှိတယ်။ အဲဒါအပေါ် မူတည်တယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက် တွေ့ဆုံစဉ် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် တဆင့်ပြီးတဆင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စောင့်ကြပ်ရေး ရုံးများကို လိုအပ်သလို ထားရှိသွားရန်တို့ အပါအဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ် လှုပ်ရှားမှုများရှိလာကာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် မိုးကောင်း ကားလမ်းအတိုင်း အစိုးရ စစ်ယာဉ်တန်း ကားစီးရေ ၄၀ ကျော်ဖြင့် ဖားကန့်မြို့သို့ စစ်သားအင်အား ၅၀၀ ကျော်ခန့် ရောက်ရှိလာသည်ဟု KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။

“သူတို့တာက တပ်အပြောင်းအရွှေ့လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီကတပ်တွေ ပြန်ဆင်းသွားတာက မတွေ့ရဘူး။ ကျနော်တို့ ဒီလမှာ ပြန်ဆွေးနွေးမယ်လို့ ပြောနေတဲ့ အချိန် တပ်ပြောင်းတာ မဟုတ်ဘဲ ထပ်တိုးလာတာက မကောင်းဘူး။ တပ်တိုးတယ် ဆိုရင်တော့ တိုက်ပွဲက ပြန်ဖြစ်မယ် ဆိုတဲ့ သဘောပဲ” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့များက နေ့စဉ် ဖားကန့် မှော်စီဆာဘက်မှ ရေမဆေးကျောက် ရှာသူများ ခိုလှုံနေသော တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခြိန်းခြောက်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။