မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်

မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်
by -
မဇ္စျိမ

မိထ္ထီလာမြို့မှ စတင်ခဲ့သည့် ဥပဒေမဲ့ အဓိကရုဏ်းများမှ ရန်ကုန်မြို့ အပါအဝင် အခြားမြို့ကြီးများသို့ ကူးစက်ပျံ့နှ့ံစေရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို လိုအပ်ပါက အင်အားသုံး၍ ထိရောက်စွာ နှိမ်နင်းသွား မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့ ညနေက ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

“ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြံုမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ .... မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝ့ံပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”  ဟု ပြောဆိုလိုက်သည်။

ထို့ပြင် “အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြံုရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”  ဟုလည်း ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ အင်အားသုံး ကိုင်တွယ်မှုများကို အစိုးရအနေဖြင့် သက်ညှာစွာ ဆောင်ရွက်ခဲ့ရခြင်းမှာ “အရှိန်ယူစ ဒီမိုကရေစီ ကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်” ကြောင့်ဖြစ်ကြောင်း သမ္မတ က ပြောသည်။

မတူညီသော အင်အားစုများ ထိပ်တိုက်ရင်ဆိုင်ကာ အနိုင်-အရှုံး သတ်မှတ်သည့် ဓလေ့ကြောင့် နှစ်ပေါင်း ၆၀ လုံး တိုင်းပြည်အား နောက်ကျကျန်စေခဲ့၍ အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အားလုံးအတွက် အကောင်းဆုံးအဖြေရှာသည့် ဒီမိုကရေစီ အလေ့အကျင့်ကို ကျင့်သုံးမှသာ အကျပ်အတည်းများကို ဖြေရှင်းနိုင်မည် ဟုလည်း သမ္မတ က ဆိုသည်။

နိဂုံးချုပ်အဖြစ် ပြည်သူအား ပန်ကြားချက်အဖြစ် “ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဉာဏ်အမြော် အမြင်ရှိရှိနဲ့ ရန်ဆိုင်တုန့်ပြန်သွားကြရင် ကျနော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သိုင်းအစဉ် အလာအရ သဟဇာတ ရှိရှိ နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲကျော်လွှား သွားကြပါစို့” ဟု ၎င်း၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုသွားသည်။