ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွား

ဇီးကုန်းနှင့် မင်းလှတွင် ဆူပူမှုများဖြစ်ပွား
by -
မဇ္စျိမ

ပဲခူးတိုင်း မင်းလှ၊ နှင့်ဇီးကုန်းမြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့နေ့လည်က ဆူပူဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက မဇ္စျိမကိုပြောသည်။

နေ့လည် ၁ နာရီခန့်က ပဲခူးတိုင်း မင်းလှမြို့နှင့် နီးစပ်ရာရွာများမှ လူတထောင်ခန့်မှ ဗလီ သုံးလုံးခန့်နှင့့် အတွင်းမှ ပစ္စည်းများအား ဖြိုဖျက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ၏ လူနေအိမ်များမှ အတွင်းပစ္စည်းများအား ဖြိုဖျက်သွားခဲ့ကြောင်း ဒေသခံ ဒေါ်လှလှမိုးက ပြောသည်။

၎င်းက “လူထုက အိမ်ထဲက ပစ္စည်းတွေ ဗလီထဲက ပစ္စည်းတွေ ဖျက်ဆီးခဲ့ပါတယ်။ ဗလီနှစ်လုံးက တော်တော် ပျက်စီးသွားတယ် ကြားတယ်။ ဒါပေမဲ့ လူကိုတော့ ဘာမှမလုပ်သွားကြပါဘူး” ဟုပြောသည်။

ညနေလေးနာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ထိုဆူပူအုံကြွမှုအား သေနတ်များ မိုးပေါ်ပစ်ဖောက်၍ ဖြိုခွဲခဲ့သဖြင့် လူစုကွဲသွားကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

သက်ဆိုင်ရာမှ အုတ်ဖို၊ မင်းလှ နှင့် ကြို့ပင်ကောက်မြို့များအား မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက စတင်၍ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း လမ်းပေါ်မထွက်ရန် ပုဒ်မ ၁၄၄ ထုတ်ထားသောကြောင့် ယင်းလုပ်ရပ်များအား နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့သော်လည်း စည်းမျဉ်းအတိုင်း ည ရ နာရီ အချိန်မရောက်ခင် အိမ်သို့ ပြန်ကြကြောင်း ဒေါ်လှလှမိုးက ပြောဆိုသည်။

နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေရာ ယင်းလုပ်ငန်းများကို ထိခိုက်စေမည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက် မှုများကို ရှောင်ရှားကြပါရန် သတင်းထုတ်ပြန်ရေး အဖွဲ့က ပြည်သူများသို့ မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်၍ တိုက်တွန်း ထားသည်။

ထို့အပြင် ယနေ့နေ့လည်က ဖြစ်ပွားသည့် ဇီးကုန်းမြို့ အရေးအခင်းနှင့် ပတ်သက်၍ ဖျက်ဆီးနေစဉ် အာဏာပိုင်များဘက်မှ မည်သို့မှ အရေးမယူပဲ ဖျက်ဆီးပြီးမှ ရာဘာကျည်ဆံများနှင့် ပစ်ခဲ့သည်ဟု ဇီးကုန်းမှ ဒေသခံကိုသန်းအောင်က မဇ္စျိမကို ပြောသည်။

၎င်း က ကိုယ်တိုင် မြင်တွေ့ခဲ့ရပုံကို “ဒီနေ့ရော မနေ့ကရောဖြစ်တာ ညနေသုံးနာရီလောက်က လာပြီး ဖျက်ဆီးကြတာ။ ဖျက်နေတုန်းကတော့ လုံခြံုရေးတွေက ဘာမှမလုပ်ကြဘူး။ ဒီအတိုင်းပဲ ရပ်ကြည့်နေကြတယ်။ ဖျက်ဆီးတဲ့ လူတွေက ပြန်ထွက်လာတော့မှ သေနတ်နဲ့ပစ်ကြတယ်။ ရာဘာကျည်နဲ့ပစ်တယ်။” ဟု ပြောပြသည်။

နိုင်ငံ၏တည်ငြိမ်မှုကို ဖျက်ဆီးချင်သဖြင့် ယခုလိုပဋိပက္ခများ လုပ်ဆောင်နေကြသည်ဟု ယူဆကြောင်းနှင့် လုံခြံုရေး တပ်ဖွဲ့များမှာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း နည်းပါးသည်ဟု ကိုသန်းဆောင်မှ ၎င်း၏ အမြင်ကို ဆိုသည်။

လက်ရှိအခြေအနေတွင် ညနေလေးနာရီခွဲခန့်မှ စတင်ပြီးတည်ငြိမ်သွားကြောင်း ဖျက်ဆီးဆူပူသူများအား ဖမ်းဆီး ထိန်းသိမ်းခြင်း မတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ဇီးကုန်းဒေသခံ ဒေါ်ခင်ဝိုင်းက “သေတာတော့ မရှိဘူးလို့ ကြားတာပဲ။ ဇီးကုန်းမှာ အစ္စလာမ်တွေပဲ အထိခိုက်ဆုံးပဲ။ ဘာအညိုးအတေးတွေမှ မရှိပဲနဲ့ ဒီလိုဖြစ်သွားတာ တော်တော်လေး စိတ်ထိခိုက်နေရတာ။ ဒါပေမဲ့ ကိစ္စတွေပြီးမှ လုံခြံုရေးတွေက လာပြီး ဂရုစိုက်တာ” ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းက ဆက်၍ လာရောက်ဖျက်ဆီးသူများမှာ နယ်အတွင်းရှိ ဒေသခံများသာ ဖြစ်ကြောင်းနှင့် လူအင်အား ၂၀၀ ကျော် ၃၀၀ ခန့်လာရောက်ဖျက်ဆီးကြကြောင်း ဘာသာရေး အဆောက်အအုံများကို အဓိကဖျက်ဆီးသော်လည်း လူများကို အန္တရာယ်မပြုကြောင်း ပြောဆိုသည်။