သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး

သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး
by -
မဇ္စျိမ

တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ နိုင်ငံရေပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ညီလာခံ ကျင်းပ အပြီးတွင် သောကြာနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေ ကိုယ်၌က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မရသေးလို့၊ ဗဟိုချုပ်ကိုင်မှု အားရှိပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ဆောင်ပိုင်ခွင့်တွေ နည်းနေတယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင် ဖန်တီးယူလို့ မရသေးဘူး။ ဒါကြောင့် ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထပ်ခါ ထပ်ခါ တောင်းဆိုရတာပါပဲ” ဟု ဦးဆောင်ကျင်းပသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသော ညီလာခံတွင် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့၊ နိုင်ငံရေးပါတီ သုံးခုနှင့် အခြား ရှမ်းလူမှုအဖွဲ့အစည်းများသာ ပါဝင်ဆွေးနွေးခဲ့သည်။

ယခုညီလာခံတွင် ဖိတ်ကြားထားသော အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့မှ ၂၁ ဖွဲ့ ပါဝင် တက်ရောက်လာသဖြင့် ပိုမို ကျယ်ပြန့်သော တိုင်းရင်းသားများ၏ သဘောထားအား ထုတ်ပြန်နိုင်ခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေးလာ၍ ယခင် ညီလာခံထက် အားသာချက် ဖြစ်သည်ဟု သူက ပြောသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလာတာ တွေ့ရတယ်။ နောက် အမျိုးသမီးများရဲ့ နိုင်ငံရေးကိစ္စနဲ့ လူမှုရေးကိစ္စမှာ ပါဝင်လှုပ်ရှားလာတာ တွေ့ရလို့ အရင်ညီလာခံထက် ပိုမိုအားသာလာတဲ့အချက်ပါပဲ” ဟု မဇ္စျိမကို ပြောသည်။

ညီလာခံ တက်ရောက်ခဲ့သော ကယန်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက “ကျနော်တို့ ထုတ်ပြန်တဲ့အတိုင်း တနိုင်ငံလုံး တိုင်းရင်းသားတွေရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရမှ ထာဝရ ငြိမ်းချမ်းရေးရမယ်။ ဒီအတိုင်းပဲ တဆင့်ပြီး တဆင့်လုပ်သွားဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်” ဟု ပြောသည်။

တိုင်းရင်းသားဒေသများအတွင်း အစိုးရ စစ်တပ်များ အင်အား တိုးချဲ့မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် အပစ်အခတ် ရပ်စဲထားသော အခြေအနေအား ထိခိုက်စေသဖြင့် နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်းလည်း သဘောတူခဲ့သည်။

ထို့ပြင် ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းများ ဖြစ်ပွားစေရန် ဖန်တီးလှုပ်ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ပါရှိသည်။

ယခုကဲ့သို့ ညီလာခံအား ဆက်လက် ကျင်းပနိုင်ရန် ကြိုးပမ်းသွားကြမည်ဟုလည်း သဘောတူညီခဲ့ကြသည်။

ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့်လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၊ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း ညီလာခံ ပထမနေ့တွင် တက်ရောက်ခဲ့ကြသည်။

ဦးအောင်မင်း၏ ပထမနေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြံုတွေ့နိုင် သော်လည်း တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင် ပူးပေါင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

Most read this week