မိတ္ထီလာအခြေအနေ အာဏာပိုင်များပိုမို ထိန်းသိမ်းဖို့လို

မိတ္ထီလာအခြေအနေ အာဏာပိုင်များပိုမို ထိန်းသိမ်းဖို့လို
by -
မဇ္စျိမ

မိတ္ထီလာရွှေဆိုင်ကတဆင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အာဏာပိုင်များဘက်မှ ထိထိရောက်ရောက် အရေးယူထိန်းသိမ်းဖို့ လိုအပ်နေကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဉာဏ်လင်း က မဇ္စျိမသို့ ပြောသည်။

၎င်းက “ အာဏာပိုင်တွေကတော့ လုံခြံုရေးအင်အား တွေကိုထပ်ဖြည့်ပေမယ့် သူတို့မျက်စိရှေ့မှာ မြင်နေရဲ့သားနဲ့ အကြမ်းဖက်တာတွေကို ကြည့်နေတာကတော့ အတော်ဆိုးတယ်ဗျ။ ဒီကိစ္စကို နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိသူတွေ အားလုံးကို ဆက်သွယ်ပြီးတော့ နောက်ထပ်နေရာတွေကို မကူးစက်အောင် မပြန့်နှံ့အောင် ထိန်းသိမ်းဖို့ ကျွန်တော်တို့ ဆက်ပြီး လုပ်သွားမှာပါ ” ဟုပြောသည်။

riot-hit-Meiktila

အဓိကရုဏ်းကြောင့် မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ ထိုးတက်နေစဉ် ဒေသခံအချို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွား ခိုက်ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းပြီးနောက် အဆိုးရွားဆုံး လူမှုပဋိပက္ခဆိုးကြီး ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့က ရွှေရောင်းဝယ်စဉ် စကားများရန်ဖြစ်ရာမှ တဆင့် တဖက်နှင့်တဖက် အပြန်အလှန် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထိုနေ့ညမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု မိတ္ထီလာမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြောဆိုသည်။

ယနေ့ မနက်ပိုင်း မေးမြန်းချက်အရ မိတ္ထီလာ အမှတ် (၂) ရဲစခန်း တာဝန်ရှိသူ တဦးက “ပထမဆုံးစရိုက်တဲ့ နေရာက လူသုံးယောက်ကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဓိကရိုက်တဲ့လူကိုတော့ ခုထက်ထိ မဖမ်းမိသေး ပါဘူး” ဟု မဇ္စျိမသို့ ဖြေဆိုသည်။

လက်ရှိ မိတ္ထီလာမြို့ အခြေအနေနှင့် ပတ်သတ်၍ မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မျိုးမင်းဦးက “အားလုံး လူကြီးတွေနဲ့ အတူဖြေရှင်းနေပါတယ်။ ခုချိန်မှာ အားလုံးကတော့ ထိန်းထိန်းသိမ်းသိမ်း တော့ဖြစ်နေပါပြီ။ အခြေအနေကတော့ ထိန်းထိန်းသိမ်းသိမ်း ပါပဲခင်ဗျ။ အဲဒီထက်ပိုပြီး ကျွန်တော်တို့က ပြောလို့ မရပါဘူး” ဟု မဇ္စျိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင် အပါအဝင် ၁၁ ဦး မိတ္ထီလာသို့ မတ်လ ၂၀ ရက်နေ့ညက သွားရောက်ခဲ့ပြီး  ရောက်ရှိ သွားချိန်တွင် အိမ်ခြေနှစ်ဆယ် အစိတ်ခန့် မီးလောင်နေပြီး လူဆယ့်လေးငါး ယောက်ခန့် ထိခိုက်ဒဏ်ရာ ရထားတာကို တွေ့ရှိရကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုဉာဏ်လင်းက ရှင်းပြသည်။

ထို့အပြင် မိတ္ထီလာမြို့ အခြေအနေအရ လုံခြံုရေး အားနည်းချက်များ တွေ့ရပြီး သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ပဋိပက္ခများ ပိုမကြီးလာအောင် ကြိုတင်ကာကွယ်မှု အားနည်းကြောင်းနှင့် လူမျိုးရေး မုန်းတီးမှုများ ဖြစ်လာနိုင်ကြောင်း ၈၈ ကျောင်းသားအဖွဲ့မှ ကိုဇော်မင်း က မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအား ဆက်လက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့၊ ရွှေညဝါဆရာတော်နှင့် ဆရာတော်ဦးဝီရသူ တို့က အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ပြောဆိုသည်။

“ဒီနေ့ သဘောတူညီချက် ရတယ်ဆိုတာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို ဆက်မဖြစ်အောင် ထိန်းသိမ်းဖို့ပဲ။ အစိုးရ ဖက်ကလည်း ကျွန်တော်တို့ လာပြီးတော့ ကူညီတာကို ကျေးဇူးတင်တယ်။ သူတို့ဖက်ကလည်း သူတို့တတ်နိုင်တာကို လုပ်ပေးပါမယ် ပြောပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ (စမ်းချောင်း) ကိုကိုကြီး က ပြောဆိုသည်။

ဒေသခံများ အနေနှင့် လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ကြောင်း မိတ္ထီလာ ဒေသခံတဦးဖြစ်သူ ကိုမောင်မောင် က မဇ္စျိမသို့ပြောသည်။

၎င်းက “ဒေသခံ အများစုကတော့ မဖြစ်ချင်ကြဘူး။ ဒါပေမယ့် ဖျက်ဆီးမှုတွေ လုပ်ကိုင်နေကြတာ နှစ်ဖက်စလုံးပဲ။ ဟိုဖက်ကလည်း လေးငါးဆယ်၊ ဒီဖက်ကလည်း လေးငါးဆယ် လုပ်နေကြပေမယ့်။ အများဆုံးကတော့ ပရိတ်သတ်ပဲ။ အဓိကတော့ လူတွေက ဘာကိုယုံရမလဲ ဆိုတာ မသိတော့ဘူး” ဟု ဆိုသည်။

မိတ္ထီလာမြို့တွင် ယခုလိုပြဿနာမျိူး တခါမှ မဖြစ်ဖူးကြောင်း ရခိုင်တွင် ဖြစ်သည့်ကိစ္စနှင့် ပတ်သတ်ပြီး မကြေလည်မှု များကြောင့် ယခုလို ပြဿနာဖြစ်သွားသည် ဟုမြင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ကပြောသည်။

၎င်းက “ဝင်နှောက်တဲ့ သူတွေတော့ ရှိပါတယ်။ တကယ်ပြဿနာဖြစ်တော့ သူတို့ ထွက်ပြေးသွားကြတယ်။
နောက်က အဖွဲ့အစည်းတော့ မရှိဘူးထင်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။

ယခုအခါ တောင်ကြီးနှင့်သာစည်မြို့သို့ ဒုက္ခသည် အချို့တိမ်းရှောင် ထွက်ပြေးမှုများ ရှိနေပြီး မိတ္ထီလာ
ဘော်လုံးကွင်းနှင့် ဘုန်းကြီးကျောင်းတချို့တွင် ဒုက္ခသည်များ ရောက်ရှိနေကြောင်း မိတ္ထီလာ ဒေသခံတချို့က မဇ္စျိမသို့ ပြောဆိုသည်။

ယခုလို အဖြစ်အပျက်များနှင့် ပတ်သတ်ပြီး တရားဥပဒေ စိုးမိုးမှု အားနည်းတယ်လို့ မြင်ကြောင်း အစ္စလာမ် သာသနာရေးကောင်စီ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေမှ မှတ်ချက်ပြုပြောဆိုသည်။

၎င်းက “တရားဥပဒေ စိုးမိုးမှု အားနည်းလို့ဘဲ မြင်ပါတယ်။ နိုင်ငံရေးနဲ့လည်းတိုက်ရိုက် ဆက်နွယ်နေတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ အရေးမို့လို့ပါ” ဟု ပြောသည်။

ယခုလို အခြေအနေတွင် လူမျိုးရေးကစားကွက်ဖြင့် နောက်ပြန်လှည့်လိုသူများ ရှိနိုင်သဖြင့် ပေါက်ကွဲမှု မြန်သည့် ဘာသာရေး အဓိကရုဏ်းဖြစ်ရန် ဖန်တီးနေသည်ဟု ယူဆကြောင်း အဆိုပါ အဓိကရုဏ်းကို ဖြေရှင်းရန် မိတ္ထီလာသို့ ကြွရောက်ခဲ့သော ရွှေညဝါ ဆရာတော်မှ မဇ္စျိမသို့ မိန့်ကြားသည်။

ဆရာတော်က “ဒါတွေကို ရှေးရှုပြီး သက်ဆိုင်ရာ၊ အာဏာပိုင်တွေ၊ သက်ဆိုင်ရာ လူထုတွေ ဘုန်းကြီးတွေက ဒီလို ကိစ္စတွေ မဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်။ သတိမမူဘဲ မဆိုင်သလို နေလို့ မရတော့ဘူးလေ။ လက်လှမ်းမှီသလောက် လှမ်းပြောတယ်” ဟု မိန့်ကြားခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ရွှေညဝါဆရာတော်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ လာပြီဖြစ်ကြောင်း သိရသည်။