သမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေး ကော်မရှင် အဖွဲ့ဝင်များအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသစ်ပြန်လည် ရေးဆွဲထားသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်စာရင်း) ကို ဆွေးနွေး အတည်ပြုပေးကြပါရန် မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ပြုပြင်ရေးဆွဲ အတည်ပြုထားပြီး ဖြစ်သည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် အညီ ၂၀၁၃-၂၀၁၄ အတွက် ဘတ်ဂျက်စာရင်းကို ပြန်လည်ရေးဆွဲခဲ့ကြပြီး ထိုဘတ်ဂျက် စာရင်းကို လွှတ်တော်သို့ တင်ပြရန် ဖြစ်သည်။
ထို ဘတ်ဂျက်စာရင်းတွင် ဘဏ္ဍာရေး လိုငွေပြမှှုမှာ ၂၉၂၆.၈၉၈ ဘီလီယံကျပ် (အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံ ခန့်) ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ(GDP) အချိုးမှာ ၄.၉၄ ရာခိုင်နှှုန်း ဖြစ်သည်ဟု ဆိုသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ကာကွယ်ရေး ဝန်ကြီးဌာန ၏ဘတ်ဂျက် ခွဲတမ်းမှာ အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်း အမျိုးသား ဘတ်ဂျက်၏ ငါးပုံတပုံခန့် ရှိသဖြင့် ထိုခွဲတမ်း ပမာဏကို မတ်လ ၁ ရက်နေ့က လွှတ်တော်တွင် အငြင်းပွါးဖွယ်ရာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။