လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ပြင်ဆင်နိုင်
သည့် ကိစ္စများဖြစ်၍ ပြုပြင်ရန် အကြံပြုချက်များဖြင့် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက် စေသင့်ကြောင်း စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အကြံပြုမှုအပေါ် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှား သူများက ဝေဖန်လိုက်ကြသည်။
“ဘုန်းကြီးတို့အနေနဲ့ အစိုးရ လုပ်ဆောင်မပေးရင် ကိုယ်ကပဲ လုပ်ရမှာ။ အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဆက်လက်လုပ်ဖို့ ရွေးချယ်လိုက်ရင် ဘယ်အရာကပဲ တားဆီးပါစေ ဘုန်းကြီးတို့ကတော့ လုပ်သင့်တာကို လုပ်မှာပဲ ဘာကမှ တားလို့ မရနိုင်ဘူး။ သံဃာထုကလည်း ပါဝင်လာမှာပဲ” ဟု လက်ပံတောင်းတောင်အရေး ဦးဆောင် လှုပ်ရှားခဲ့သူ သံဃာတော် တပါးဖြစ်သည့် ဦးဝိမလ က မဇ္စျိမကို မိန့်ကြားသည်။
မတ်လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည့် စုံစမ်းရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့် မျိူးစုံကို ခြံုငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာသည် ကုမ္ပဏီကို စီမံကိန်း ဆက်လက် လုပ်ဆောင်ရေးအတွက် အဓိကဖြစ်နေပြီး စီမံကိန်းဖျက်သိမ်းရေးဖက်မှ ဆန္ဒ သဘောထားများ မပါသည့်အတွက် အစီရင်ခံစာ မဟုတ်ဟု ထင်မြင်ယူဆမိကြောင်း တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ကိုဟန်ဝင်းအောင် က ဝေဖန်သည်။
“ကျနော်တို့ နိုင်ငံသားတွေဟာ စီမံကိန်းကို ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါတယ်။ အဲဒီအတွက် ဘယ်လိုပဲ စုံစမ်းရေးကော်မရှင်က ပြောပြော စီမံကိန်းကို ကန့်ကွက်ခွင့်က ကျနော်တို့မှာ ရှိသေးတဲ့အတွက် ဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ပြီးတော့ ကန့်ကွက်သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပွားရသည့် အကြောင်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ဖြစ်ပြီး ကြေးနီစီမံကိန်း လုပ်ကိုင်ဆောင်ရွက်သူများ၊ ဒေသခံ ရွာသူရွာသားများ၊ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် အာဏာပိုင်များအကြား အသိပေးခြင်း၊ အချက်အလက်များ ဖလှယ်မှု အားနည်းခြင်းကြောင့် ဖြစ်ကာ ဒေသခံ လူထုသည် မြေယာ သိမ်းဆည်းမှုနှင့် ပတ်သတ်၍ ထိုက်သင့်သည့် လျော်ကြေးငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကော်မရှင်အစီရင်ခံစာက ကောက်ချက်ချထားသည်။
“နစ်နာကြေးတို့ လျော်ကြေးတို့ဆိုတာ ခဏနဲ့ ပြီးသွားတဲ့ ကိစ္စတွေပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ ကျမတို့က ဆက်ပြီး လုပ်ဆောင်စရာရှိတာတွေကိုတော့ ဆက်လုပ်ဖို့ရှိပါတယ်။ ကျမတို့အတွက် ကျမတို့ ကိုယ်တိုင်ပဲ ဆက်ပြီး လှုပ်ရှားရမှာပါ” ဟု လက်ပံတောင်းတောင် အရေး လှုပ်ရှားသူ ဒေါ်နော်အုန်းလှ က ဆို
သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်မလင်းမီတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော် အပါး ၁၀၀ ကျော်နှင့် လူအချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်နှစ်ပါးကို ထိုင်းနိုင်ငံ သို့ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ရသည်။
စုံစမ်းရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ မတ်လ ၁၁ ရက်နေ့က တင်သွင်းခဲ့
ပြီး အစီရင်ခံစာအရ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတရပ်ကိုလည်း နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/ ၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ထိုကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး သမ္မတရုံး ဝန်ကြီး ဦးလှထွန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ကာ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မရှင်မှ ဒေါက်တာအောင်ထွန်းသက် စသူတို့ ပါဝင်သည်။