တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား

တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား
by -
မဇ္ဈိမ

တိုင်းရင်းသားလူမျိုးများ စုပေါင်းခြင်းဖြင့် တူညီသော အခြေခံမူများနှင့်အညီ နိုင်ငံရေးဆွေးနွေး သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုဖြင့် တူညီသော အခြေခံမူများနှင့် အညီ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ပုံမှန် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားများ စုဖွဲ့ထားတဲ့ UNFC ဆိုတာ ရှိတယ်။ အဲဒီမှာ မပါဝင်တဲ့ တချို့ တိုင်းရင်းသား အဖွဲ့တွေ လည်း ရှိတယ်။ အဲဒီမှာ နိုင်ငံရေးမူဘောင်တွေကို အခြေခံပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို သွားဖို့ပါ” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

KNU ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်သည့် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၆ ရက်နေ့ထိ ကျင်းပခဲ့သည်။

အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဗဟိုအလုပ် အမှုဆောင်ကော်မတီ မှ ဆောင်ရွက်သွားမည်ဟုလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဘက်မှ အလွတ်သဘော နှုတ်အားဖြင့် နှစ်ဖက်
ပြန်လည်တွေ့ဆုံရန် ပြောဆိုလာသော်လည်း KNU ဘက်မှ ပြင်ဆင်မှုများ ရှိနေသေး၍ အချိန်အနည်းငယ် ယူရန် လိုအပ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက နှစ်ဖက် တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်များ Code of Conduct နှင့် တပ်ရွှေ့ပြောင်းရေးကိစ္စများကို နောက်ထပ် တွေ့ဆုံသည့်အခါ ဆက်လက် ဆွေးနွေးဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ခေတ်အဆက်ဆက် လက်နက်ကိုင်
တော်လှန်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာအစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP အဖွဲ့တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အပေါ် စိုးရိမ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

“အပစ်အခတ် ရပ်စဲရေးလုပ်တာနဲ့ နိုင်ငံရေးအရ တိုးတက်လာဖို့ လိုအပ်တယ်။ နိုင်ငံရေးအရ တိုးတက်ပြောင်း လဲလာ မှု မရှိဘဲ ငြိမ်းချမ်းရေးကို ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးဆောင် ရွက်နိုင်တာနဲ့ တပြိုင်နက် နိုင်ငံရေး တိုးတက်ဆွေးနွေးနိုင်ဖို့ အများကြီး မူတည်ပါတယ်” ဟု KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောဆိုသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေးဆွေးနွေး
နိုင်ရေး ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပလျှင် အဆင့်မြင့် စစ်ဘက် အရာရှိများကို စေလွှတ်ပေးရန် မြန်မာ ဗဟိုအစိုးရကို မေတ္တာရပ်ခံခဲ့သည်ဟု Karen News သတင်းတရပ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။

Most read this week