ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇန ပလာဇာမှ ဆိုင်ခန်းများအား ပိတ်ရက်မရှိ ဖွင့်လှစ်ခြင်းသည် စျေးဆိုင် ပစ္စည်းများလုံခြံုရေးအား စျေးအုပ်ချုပ်ရေးပိုင်းမှ တာဝန် မယူနိုင်သည့် သဘော သက်ရောက်နေကြောင်း ထိုပလာဇာမှ စျေးသူစျေးသားများက ဆိုသည်။
“အခုလို စျေးပိတ်ရက်ကို စျေးသူစျေးသားများမသိအောင် ပိတ်ရက် မရှိ လုပ်လိုက်တာဟာ စျေးကို ချုပ်ကိုင်ထားတဲ့ ယုဇန ကုမ္ပဏီက တာဝန်မယူနိုင်တဲ့သဘော သက်ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ စျေးပိတ်ချိန်မှာပစ္စည်းပျောက် ရှတာရှိ ရင် သူကဘဲ တာဝန်ယူရမှာလေ” ဟု ယုဇန ပလာဇာမှ စျေးဆိုင်ပိုင်ရှင် ဦးအောင်လှ က ပြောသည်။
ယခင်က တနင်္လာနေ့တိုင်း ပိတ်လေ့ရှိသည့် အဆိုပါ စျေးဆိုင်ခန်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများအားဆောက်လုပ် ခဲ့သည့် ယုဇန ကုမ္ပဏီမှ စျေးသာယာရေး ကော်မတီဖွဲ့၍ ယခုအချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် မြေညီထပ်မှလွဲ၍ အပေါ်ထပ်များအား ပိတ်ရက်မရှိ ဖွင့်လှစ်ရန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စျေးသာယာရေး ကော်မတီမှ ကြေညာခဲ့သည်။
ထိုကြေညာချက်ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ စျေးပိတ်သည့် မြေညီထပ်မှ တခါးများ ဖွင့်ထား၍ စျေးဆိုင်များ၏ လုံခြံုရေးမှာ စိတ်မချရသဖြင့် စျေးအား ယခင်အတိုင်း ပြန်ပိတ်ပေးရန် စျေးသူစျေးသား များ တောင်းဆိုကြသည်။
ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနှင့်ကိုယ် ပိတ်ကြမည်ဆိုပါက ကော်မတီအနေဖြင့် စျေးဆိုင်များအတွင်းရှိ ပစ္စည်းများ၏ လုံခြံုရေးအား တာဝန်ယူမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြေညာခဲ့သည်ဟု ပလာဇာမှ ရှိုးကမ္ဘာ ဆိုင်ပိုင်ရှင်က ပြောသည်။
“အခုလို စျေးက အပေါ်ဖွင့်ပြီး အောက်ပိတ်ထားရတော့ အောက်က ပိတ်တဲ့ ဆိုင်တွေက ရန်သူမျိုး ငါးပါးရဲ့ အန္တရာယ် ကြောက်နေရတယ်” ဟု ဆိုသည်။
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ယုဇန ပလာဇာ မြေညီထပ်တွင် ဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ဖူးသည်။
“အခု စျေးတွေ အများစုမှာ မီးလောင်တာတွေ များလာတယ်။ အဲဒီအတွက် တကယ်လို့သာ ပလာဇာမှာသာ မီးလောင်ခဲ့ရင် စျေးဖွင့်ချိန်ဆို ကိုယ့်တာဝန် ကိုယ်ယူရမှာလေ။ စျေးပိတ်ချိန်ပဲ သူတို့က တာဝန်ယူရမှာ။ ဒါကြောင့် သူတို့ တာဝန်မယူချင်လို့ စျေးဖွင့်ရက်တွေ တိုးနေတာလားဆိုတဲ့ အတွေးတွေ စျေးသူစျေးသား တွေမှာ ပေါ်လာ တယ်” ဟု ဦးအောင်လှ က ဆိုသည်။
သို့သော် ထိုသို့ ပိတ်ရက်မရှိ ဖွင့်လှစ်ရန် စီစဉ်ရခြင်းမှာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် က စျေးသည်များအကျိုး အတွက် ရောင်းအားမြင့်စေဖို့ ဖြစ်ကြောင်း စျေးသာယာရေးကော်မတီက ဆိုသည်။
“ဒါက ဥက္ကဋ္ဌရဲ့ သဘောထားပါ။ စျေးရဲ့ ရောင်းအားတွေ ကျနေလို့ ပြန်ပြီး မြင့်တက်လာအောင် လုပ်တဲ့သဘောပါ” ဟု ကော်မတီ တာဝန်ခံ ဦးအောင်သန်းလွင် က မဇ္စျိမကို ပြောသည်။
စျေးလုံခြံုရေးကိစ္စများနှင့် ပတ်သတ်၍ စျေးသာယာရေးကော်မတီအား မေးမြန်းရာ ကော်မတီဝင် ရုံးဝန်ထမ်း တဦးက “စျေးလုံခြံုရေး အတိုင်းအတာကတော့ အပြည့် ရှိပါတယ်။ စျေးတလျှေက်မှာ လုံခြံုရေး လူ ၈၀ လောက် ထားထားတယ်” ဟု မဇ္စျိမကို ဖြေကြားသည်။
ယုဇန ပလာဇာရှိ စျေးသူစျေးသားများက စျေးလုံခြံုရေးနှင့် ပတ်သတ်သော အခွန်အခများ၊ မီတာခနှင့်သန့်ရှင်းရေး ခများအား စျေးသာယာရေးကော်မတီထံ လစဉ် ပေးဆောင်ရသည်။
ထိုပလာဇာကို ၁၉၉၈ တွင် စတင် ဖွင့်လှစ်ကာ ဆိုင်ခန်းပေါင်း တထောင်ကျော်ရှိပြီး ၄၆ ခန်းသာ ပိုင်ဆိုင်တော့ သည့် ယုဇန ကုမ္ပဏီက စျေးသာယာရေးကော်မတီကို ဖွဲစည်းကာ စျေးကို အုပ်ချုပ်နေဆဲဖြစ်ကြောင်း သိရသည်။