စာချူပ် ဖောက်ဖျက်ဟု ဝန်ကြီးဌာနအား မြန်မာမက်ခရို အင်ဒက်စ်ထရီမှ ပြစ်တင်

စာချူပ် ဖောက်ဖျက်ဟု ဝန်ကြီးဌာနအား မြန်မာမက်ခရို အင်ဒက်စ်ထရီမှ ပြစ်တင်
by -
မဇ္စျိမ

မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနပိုင် သာကေတ စည်သွတ် စက်ရုံကို အနှစ် ၃၀ ငှါးရမ်းခဲ့သော်လည်း သက်တမ်း ထက်ဝက်အကျော်တွင် ဝန်ကြီးဌာနမှ လေလံတင် ရောင်းချခြင်းကြောင့် နှစ်ဘက်သဘောတူ ချုပ်ဆိုထားသော စာချူပ်ကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ငှါးရမ်းသူ မြန်မာ မက်ခရို အင်ဒက်စ်ထရီ မှ ပြစ်တင် ပြောဆိုလိုက်သည်။

Ready အမှတ်တံဆိပ် ငါးသေတ္တာ စည်သွတ်ဘူး ထုုတ်လုုပ်သည့် ထိုကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးမိုးမြင့်ကျော် က “ငှါးရမ်းတဲ့ သက်တမ်း မပြည့်ခင် အခုလို လေလံတင်ရောင်းချတာက မြန်မာနိုင်ငံအတွက်လည်း ဂုဏ်သိက္ခာ ကျစရာ ဖြစ်တယ်” ဟု ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မွေး/ရေလုပ်ငန်းပိုင် စည်သွတ်ဘူး စက်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျပ်သိန်း ၃၂,၉၀၀ ဖြင့် လေလံပစ်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာမက်ခရို အင်ဒတ်စ်ထရီ ကုမ္ပဏီက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အား အသနားခံစာ တင်ပြခဲ့သော်လည်း ဝန်ကြီးဌာနမှ အင်အားသုံး၍ ဖယ်ရှားပစ်မည်ဟုသာ အကြောင်းပြန်သည် ဟု ဦးမိုးကျော်မြင့် က ဆက်ပြောသည်။

“ကျနော်တို့ ဝန်ထမ်းတွေ ၂၀၀ ကျော်နဲ့ မိသားစုဝင် ထောင်ကျော်ရဲ့ ဘဝတွေကို ဖျက်ဆီးလိုက်တာ ဖြစ်တယ်။ ကျနော်တို့ နိုင်ငံရဲ့ National Brand (အမျိုးသား အမှတ်တံဆိပ်) တခုကို ဖျက်ဆီးတာ ဖြစ်တယ်။ ဝန်ကြီးဌာန က အကာအကွယ် လိုအပ်ပေမယ့် သူတို့ ချူပ်ဆိုတဲ့ စာချူပ်ကို သူတို့ ဖောက်ဖျက်လိုက်တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စည်သွတ်ဘူးစက်ရုံကို ၁၉၉၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်မြန်မာမက် ခရို အင်ဒတ်စ်ထရီကုမ္ပဏီ လီမိတက်ကို အနှစ် ၃၀ ငှါးရမ်းခဲ့သည်ဟု ကုမ္ပဏီဘက်မှ ပြောသည်။

မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမောင်မောင်ညွှန့်နှင့်မြန်မာမက် ခရို အင်ဒတ်စ်ထရီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမိုးမြင့်ကျော်တို့ စာချုပ် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။

မြေငှားရမ်းခအဖြစ် တနှစ်လျှင် ၁ စတုရန်းမီတာကို ၂၄၀ ကျပ်နှုန်းနှင့် မြေဧက ၆.၀၂ ဧကအတွက် ကျပ် ၅,၈၄၃,၀၉၅၊ စက်ကိရိယာ ငှါးရမ်းခအဖြစ် တနှစ်လျှင် ကျပ် ၁၄ သိန်း၊ အဆောက်အဦ ငှါးရမ်းခအဖြစ် တနှစ်လျှင် ကျပ် ၁၈ သိန်း ပေးဆောင်ရသည်ဟု မဇ္ဈိမက မိတ္တူရရှိထားသော ထိုစာချုပ်တွင် ပါရှိသည်။

Most read this week