စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန်တောအုပ်စု၊ နန်တောစံပြ ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စျေးတခုနှင့် အိမ်ခြေ ရ၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်းဒေသခံများ အဆိုအရ သိရသည်။
လူ အထိအခိုက် သေဆုံးမှု မရှိသော်လည်း ဆုံးရှုံးမှု တန်ဖိုးကို မတွက်ချက်နိုင်သေးကြောင်း ဟုမ္မလင်း ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ ကိုခင်မောင်သိန်း က ပြောသည်။
“ရပ်ကွက် အနေနဲ့ကျတော့ နန်တော တနိုင်တပိုင် စျေး ပါသွားတာပဲ။ အိမ်ခြေ ၆၉ ၊ ရ၀ လောက်ပါသွားတာပဲ။ ဆုံးရှုံးမှုက ကျနော်တို့ဘက်က ထွက်ကုန်ပစ္စည်းတွေ သိုလှောင်တဲ့ရုံတွေ၊ အလှကုန်ပစ္စည်းတွေ၊ ခေတ်နဲ့
လျော်ညီစွာ ရောင်းတဲ့ အဝတ်အစားဆိုင်တွေ၊ စတိုးဆိုင်တွေ ရွှေပန်းတိမ်ဆိုင်တွေ၊ ချမ်းသာတဲ့ လူတွေနေတဲ့ ရပ်ကွက် တခုဖြစ်လို့ ဆုံးရှုံးမှုကို မမှန်းတတ်ပါဘူး ခင်ဗျ” ဟု မဇ္စျိမကို ပြောသည်။
တနင်္ဂနွေနေ့ည ၁၀ နာရီခွဲ ခန့်မှ စတင်ကာ ချယ်ရီစံ စတိုးနှင့် အမိန့်ရ အရက်ဖြူဆိုင် နှစ်ခု အကြားမှ စတင်ကာ လောင်ကျွမ်းမှုဖြစ်ခဲ့သော်လည်း မီးလောင်မှု အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“စတိုးဆိုင်က ဖြစ်တာလား၊ အရက်ဖြူဆိုင်က ဖြစ်တာလား ကျနော်တို့ ပြည်သူတွေက မသိနိုင်သေးပါဘူးဗျ” ဟု ဆိုသည်။
ရပ်ကွက်မှူး ဦးဝင်းနိုင် ရပ်ကွက်၊ ဦးမြတ်စန်း ရပ်ကွက်နှင့် နန်တော စံပြကျေးရွာ နန်းရွှေရည်စျေးတို့
လောင်ကျွမ်းသွားခြင်း ဖြစ်သည်။
မီးသတ်ကားရှိရာ ဟုမ္မလင်းမြို့နှင့် မိုင် ၄၀ ကျော်ခန့်ဝေးသည့်ရွာဖြစ်၍ အချိန် ၆ နာရီကြာခန့် မီးလာင် ကျွမ်းခဲ့ပြီး မီးဘေးဒုက္ခသည်အဖြစ်် လူ ၁၀၀ ခန့် ရှိကြောင်းနှင့် မီးငြိမ်းသတ်ခဲ့ရပုံကို ကိုခင်မောင်သိန်းက ဆက်ရှင်းပြသည်။
“ကျနော်တို့ နန်တောမှာ ကိုယ်ထူကိုယ်ထ မီးသတ်နဲ့ ကျနော်တို့ နန်တော ပြည်သူတွေ ဝယ်ထားတဲ့ မီးသတ်ကားလည်း ရှိပါတယ်။ ကျနော်တို့ ဟုမ္မလင်းက မီးသတ်ကား နှစ်စီး လာပြီးတော့ ဟုမ္မလင်းက ဌာနဆိုင်ရာအသီးသီးက ကူညီပံ့ပိုးပါတယ်ဗျ” ဟု မဇ္စျိမကို ပြောသွားသည်။
မီးဘေးဒုက္ခသည်များအား နန်တော ကျေးရွာရှိ ဆွေမျိုးသားချင်းများက နန်တောကျေးရွာ သောင်ပြင်များ
ပေါ်တွင် နေရာချကာ အကူအညီပေးလျက်ရှိကြောင်း သိရသည်။
ထိုမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ဟုမ္မလင်း မီးသတ်ဌာနသို့ မဇ္စျိမမှ ကြိုးစားဆက်သွယ်ခဲ့
သော်လည်း အဆက်အသွယ်မရရှိသေးပေ။