မြစ်ကြီးနား 'ပြည်ထောင်စုနေ့အခမ်းအနား' အနှစ်သာရမရှိဟု ဒေါက်တာတူးဂျာပြော

မြစ်ကြီးနား 'ပြည်ထောင်စုနေ့အခမ်းအနား' အနှစ်သာရမရှိဟု ဒေါက်တာတူးဂျာပြော
by -
မဇ္ဈိမ

မြစ်ကြီးနားမြို့တွင် “ပြည်ထောင်စုနေ့” အခမ်းအနား ကျင်းပ ပြုလုပ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေး၍ အနှစ်သာရ မရရှိကြောင်း ကချင်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာတူးဂျာ က ပြောဆိုလိုက်သည်။  

မြစ်ကြီးနားမြို့ လွှတ်တော် ရုံးရှေ့တွင် အင်္ဂါနေ့က ပြုလုပ်သည့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းဖတ်ကြားခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်း စသည်ဖြင့် အခမ်းအနား အကျဉ်းရုံးသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ကျနော်တို့ နိုင်ငံအတွက် အရေးကြီးတဲ့ နေ့တနေ့ပါပဲ။ ဒါပေမယ့် ပြည်ထောင်စု စစ်စစ်မဟုတ်သေး တော့ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာလည်း အနှစ်သာရ အပြည့်အဝ မဟုတ်သေး ဘူးလို့ ခံစားမိတယ်။ မြို့နယ် လူထုလောက်ပဲ တက်ရောက်နိုင်တာကိုး။ တောနေ လူထုကတက်ရောက်လာ နိုင်တာ မရှိဘူး။ ခုချိန်ခါမှာတော့ ပြည်ထောင်စုစစ် မဟုတ်သေးတော့ ပွဲကျင်းပတာလည်း အနှစ်သာက အပြည့်မဝ မဟုတ်သေးဘူး” ဟု ကချင်လွတ်လပ်ရေးးအဖွဲ့ KIO ခေါင်းဆောင်ဟောင်း တဦးလည်းဖြစ်သည့် ဒေါက်တာတူးဂျာ က ပြောသည်။  

စစ်မှန်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရေးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှ သာလျှင်
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသည် မြန်မာနိုင်ငံအတွက် အကြီးဆုံး ရတနာပွဲတခု ဖြစ်လာနိုင်သလို၊ တိုင်းရင်းသားများ ညီအစ်ကိုများ အားလုံး လက်တွဲညီညီဖြင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မည်ဟု မျှော်လင့်သည်ဟုလည်း ၎င်းက ဆိုသည်။  

အစိုးရတပ်နှင့် KIO တို့အကြား ဒေသတည်ငြိမ်အေးချမ်းမှု အနည်းငယ် ရရှိသဖြင့် တိုက်ပွဲများ ရပ်ဆိုင်းသွားမည်ဟုမျှော်လင့်ရရာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေပြီဟု ဒေါက်တာတူးဂျာက ပြောသည်။  

“ကျနော်တို့ နိုင်ငံမှာက ပြည်ထောင်စု အတုနဲ့ပဲ ပြည်တွင်းစစ်ပေါ်လာတယ်။ ခုထိ မစဲသေးဘူး။  ငြိမ်းချမ်းရေးအတု မဟုတ်ဘဲ ငြိမ်းချမ်းရေး အစစ် တည်ဆောက် စေချင်တယ်။ ဒါကြောင့် စစ်အစိုးရရော၊ တိုင်းရင်းသားအုပ်စုတွေနှစ်ဖက်လုံး အပြုသဘောဆောင်ပြီး ဝိုင်းဝန်းဆောင်ရွက်ရအောင်လို့ ပြောချင်တယ်”ဟု သူက ဆက်ပြောသည်။  

ပြည်နယ် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများအချို့ အပါအဝင် တပ်မတော်မှ ဂုဏ်ပြုတပ်ဖွဲ့ တဖွဲ့လည်း တက်ရောက်ခဲ့ရာ စုစုပေါင်း လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဒေါက်တာတူးဂျာ က မဇ္စျိမကိုပြောဆိုသွားသည်။  

အလားတူ မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို ဟိုဝါဒူဝါဇော်ဂမ် က ဟောပြောခဲ့ကြောင်း ၎င်းကိုယ်တိုင်က ပြောသည်။

ဒူဝါဇော်ဂမ်မှာ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဖြစ်သည်။

“ကျနော်တို့ ကချင်လူမျိုးက ဒီပင်လုံစာချုပ်ကို အမွန်မြတ်ဆုံး ထားပါတယ်။ နိုင်ငံရေးဆွေးနွေးလာ မယ်ဆိုရင်တော့အောင်မြင်မှာပဲ။ ဒါကြောင့် မြန်မြန် ဆွေးနွေးရင်တော့ အဖြေရမယ်။ ဆွေးနွေးတဲ့ အချိန်မှာ တယောက်နဲ့တယောက် လက်ညှိုးထိုး၊ ရန်ဖြစ်နေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။  

သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သော “မတူတာတွေ ဘေးဖယ်ထား၊ တူတာလေးနှင့် စကြစို့” ဟူသော စကားအတိုင်း အမြန်ဆုံး ငြိမ်းချမ်းရေး တည်ဆောက်ရန် ၎င်းက တိုက်တွန်း ပြောဆိုသွားသည်။  

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထားဝရ ငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်ဟု ပါရှိသည်။

နေပြည်တော်တွင် ကျင်းပသော ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သော်လည်း အပစ်အခတ် မရပ်စဲသေးသော KIO က မူ ထိုနေပြည်တော် အခမ်းအနားသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။