ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့
ရောက်ရှိစဉ် ကချင်လူထုနှင့် ပြောဆိုခွင့် မရသဖြင့် ဒေသခံ လူထုက ဝေဖန်ပြောဆို်နေကြသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က မစ္စတာ ဗီဂျေးနမ်ဘီယား၊ ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာများ အပါအဝင် လူမှုအခြေပြု အဖွဲ့အစည်းတချို့ နှင့်တွေ့ဆုံခဲ့သော်လည်း မေးခွန်းများ မေးမြန်းခွင့် မရခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့ခံ တဦးက “သူပြောတာက ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ အားလုံး ကြိုးစားရအောင်။ သူတို့ဘက်ကလည်း အမြဲ စောင့်ကြည့်နေတာပါ။ ငြိမ်းချမ်းရေးရဖို့ နှစ်ဖက်လုံး(အစိုးရနဲ့ ကေအိုင်အို) တာဝန်ခံမှု ရှိရမယ်ဆိုတာတွေ ပြောတယ်။ အစောပိုင်းကတော့ ဝန်ကြီးချုပ်က မေးချင်တဲ့ မေးခွန်းများလည်း မေးလို့ ရပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူပြောပြီးတာနဲ့ အပြင်ထွက်သွားတယ်” ဟု မဇ္စျိမကို ပြောသည်။
မစ္စတာ နမ်ဘီယားက နှုတ်ဆက်စကား ပြောကြားခဲ့သလို ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများကို ပြောဆိုပြီး မြစ်ကြီးနား မြို့တော်ခန်းမမှ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။
ဦးဆန်အောင်က “သူတို့ အချိန်မရဘူးဆိုလို့ ဘာမှ မေးမြန်းလို့ မရလိုက်ကြဘူး။ ဦးခင်ရီဘဲ ကျန်နေတော့ မှတ်ပုံတင်ကိစ္စဘဲ မေးကြတယ်။ မေးချင်တာ မေးဆိုပြီးတော့ စကားပြောပြီး ထွက်သွားတယ်။ လူထုက စစ်ပြေးဒုက္ခသည်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ ပြောပြချင်ကြတာ။ ဘယ်သူမှ မမေးလိုက်ရဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
သို့သော် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂမှ ကြားဝင် ဆောင်ရွက်ပေးရန်နှင့် စစ်ပြေး ဒုက္ခသည်များ
အရေး ကူညီထောက်ပံ့ပေးရန်တို့ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဥက္ကဌ ဦးယွပ်ဇော်ခေါင်က မစ္စတာ နမ်ဘီယားအား တင်ပြပြောဆိုသည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောသည်။
၎င်းက “ကျနော်တို့ကတော့ ကားပေါ်မှာ နည်းနည်းပြောလိုက်ရတယ်။ ဒီက စစ်ပြေးဒုက္ခသည်တွေရဲ့ ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ကူညီထောက်ပံ့ပို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကုလက ကြားဝင်ပေးဖို့ ပြောတယ်။ သူကတော့ ကူညီမယ်။ ဒီကူညီထောက်ပံ့မှုတွေလည်း မိုးရာသီမရောက်ခင် အမြန်ဆုံးကူညီမယ်။ ငြိမ်းချမ်းရေးကိစ္စမှာတော့ သူတို့က အစိုးရက ပါဝင်ခွင့်ပေးရင်တော့ အဆင်သင့်ဘဲလို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
ကချင်ပြည်နယ်ရှိ တချို့ လူမှုအခြေပြုအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများက မစ္စတာ နမ်ဘီယားအား အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေးရရှိရန် ကြားဝင် ဆွေးနွေးပေးရေး မေးမြန်းရန် မျော်လင့် ချက်ဖြင့် ပြင်ဆင်ထားသော်လည်း မေးမြန်းခွင့် မရခဲ့ကြောင်း အခြားလူထု အခြေပြုအဖွဲ့မှ အမည်မဖော်လိုသူဒေသခံ တဦးက ပြောသည်။
ထို့အပြင် “သူက ဒီအထဲက အသံတွေ နားထောင်ဖို့၊ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့ အဖွဲ့တွေ လိုလားတယ်။ ဒါပေမဲ့ဖြစ်လာ တာက မြို့တော် ခန်းမမှာ အရင်လိုဘဲ အစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေ အပြည့်ခေါ်ထားတယ်” ဟု သူက ဆက်ပြောသည်။
အစိုးရသတင်းများတွင် မစ္စတာ နမ်ဘီယားက ကချင်လူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း အမှန်တကယ် လူထုနှင့် မစ္စတာ နမ်ဘီယာ စကားပြောခွင့်ပင် မရသလို၊ မေးမြန်းခွင့်ပင် မရခဲ့ဟု မြစ်ကြီးနား မြို့ခံတဦးက ဝေဖန်ပြောဆိုခဲ့သည်။
၎င်းက “သတင်းမှာက မြို့တော်ခန်းမမှာ မြို့မိမြို့ဖနဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုပြီး အစိုးရ သတင်းမှာ ပြောသွားတယ်။ သူတို့ ခေါင်းစဉ်က လူထုနဲ့ တွေ့ဆုံ ဆွေးနွေးတယ်။ အဲဒါက အပြဘဲ ရှိတယ်။ စာလိုက်ပါးမယ် ဆိုတဲ့လူတွေလည်း ရှိတယ်” ဟု ဆက်ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ပြည်ထောင်စုဝန်ကြီး အဖွဲ့တို့သည် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်း ၄ နေရာသို့ သွားရောက် လေ့လာခဲ့ကြသည်။
ယခုလ ၄ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရန်နှင့် စစ်ရှိန်လျော့ရေးတို့အား သဘောတူညီခဲ့သည်။
လိုင်ဇာဌာနချုက်အနီး လဂျားယန်အနီးတဝိုက် အစိုးရဘက်မှ ရံဖန်ရံခါ ဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသေးသည်ဟု ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။