ရှမ်းနှင့် ကယား ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် ညီလာခံတခုကို လားရှိုးမြို့၌ မတ်လ ပထမပတ်အတွင်း အစောဆုံး ကျင်းပသွားနိုင်ရန် စီစဉ်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ပြောသည်။
နိုင်ငံရေး ဘုံသဘောတူညီချက်တခု ရရှိရန် ကြိုးပမ်းသည့်အနေနှင့် ရှမ်းနှင့် ကယား ပူးပေါင်းသည့် ယခုညီလာခံကို ကျင်းပခြင်း ဖြစ်သည်ဟု SNLD ပြောခွင့်ရ စိုင်းလိတ် က ပြောသည်။
“စော်ဘွားတွေ အုပ်ချုပ်တဲ့ ပဒေသရာဇ်ခေတ်ကတည်းက ရှမ်းနဲ့ ကယားဟာ တသားတည်း ကျခဲ့တယ်လေ။ အခု လက်ရှိအခြေအနေမှာ ရှမ်းနဲ့ ကယားရဲ့ လိုအပ်ချက်ကလည်း အတူတူပဲပေါ့နော်။ လိုအပ်ချက်ခြင်း တူတဲ့အတွက်ကြောင့်မို့လို့ တကယ်တမ်း ပြည်ထောင်စု အစိုးရဆီမှာ တောင်းဆိုတဲ့အခါကျရင် နိုင်ငံရေး လိုအပ်ချက်က တသားတည်း ဖြစ်နေဖို့ အတူတူ တွဲလုပ်တာပါ” ဟု စိုင်းလိတ် က ပြောသည်။
အနည်းဆုံး သုံးရက်ကြာ ကျင်းပမည့် ညီလာခံတွင် ပြည်နယ်နှစ်ခု အတွင်းရှိ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ အဖွဲ့အစည်း အားလုံး၏ နိုင်ငံရေး လိုအပ်ချက်များကို ဆွေးနွေးကြမည်ဟု ဆိုသည်။
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ရှမ်းနှင့် ကယား ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး၏ တူညီသည့် ဘုံလိုအပ်ချက် ဖြစ်သည်ဟု သူက ဆိုသည်။
ညီလာခံ ဖြစ်မြောက်ရေးအတွက် အင်္ဂါနေ့တွင် ရှမ်းပြည်နယ် လားရှိုးမြို့၌ အစည်းအဝေး ကျင်းပကာ ရှမ်းနှင့် ကယား ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီ ရ ခုနှင့် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့မှ ကိုယ်စားလှယ် ၁၁ ဦးဖြင့် ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေးပါတီ ရ ခုမှာ SNLD၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဓနု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကယန်း အမျိုးသားပါတီတို့ ဖြစ်ပြီး၊ လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုမှာ ကယန်းပြည်သစ်ပါတီနှင့် ရှမ်းပြည် တိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒု-စစ်ဦးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် က ယခုကဲ့သို့ ကယားနှင့် ရှမ်း ပူးပေါင်းသည့် ညီလာခံ ကျင်းပခြင်းဖြင့် နိုင်ငံရေး အလားအလာကောင်းများ ပေါ်ပေါက်လာဖွယ် ရှိကြောင်း၊ ၎င်းပြင် ယခုထက် ပိုမိုကျယ်ပြန့်သည့် ညီလာခံ ဆက်လက် ဖြစ်ပေါ်လာစေလိုကြောင်း ပြောသည်။
“တိုင်းရင်းသား အရေးကိစ္စနဲ့ စပ်နေတဲ့အခါကျတော့ လုပ်နိုင်လို့ ရှိရင် ကောင်းပါတယ်။ အားလုံး တတိုင်းပြည်လုံး
ပြည်တွင်းမှာ ရှိတဲ့ NLD အပါအဝင် တိုင်းရင်းသားပါတီတွေကော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ
ကော စုစည်းနိုင်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု သူက ပြောသည်။
ယခုကျင်းပမည့် ညီလာခံသည် ကယားပြည်နယ် ပါဝင်သည့် ဒုတိယအဆင့် ရှမ်း ညီလာခံ ဖြစ်ပြီး၊ ပထမအဆင့် ညီလာခံကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကာ ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊ ရှမ်းလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နှင့် ပြည်တွင်း ပြည်ပ အခြေစိုက် ရှမ်း လူမှုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။
ပထမအဆင့် ညီလာခံတွင် ရှမ်းနိုင်ငံရေးပါတီ အချင်းချင်း ပူးပေါင်းရေး၊ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း တခုတည်းဖြစ်ပေါ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်အရ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေး စသည်တို့နှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြပြီး ညီလာခံအပြီးတွင် နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရှမ်းညီလာခံ နည်းတူ ရခိုင်နှင့် ကရင် တိုင်းရင်းသားများကလည်း မိမိတို့နှင့် သက်ဆိုင်သည့် အမျိုးသား ညီလာခံများ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။