သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးစက်ရုံ မော်လမြိုင်မှာ လုပ်မည်

သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးစက်ရုံ မော်လမြိုင်မှာ လုပ်မည်
by -
မဇ္စျိမ

သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား Myanmar Lighting Manufacturing ကုမ္ပဏီက ပုဂ္ဂလိကပုံစံဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းကြီးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လုပ်ကိုင်မှာပါ။ စီမံကိန်းအရ ၁၀၀ မဂ္ဂါဝပ် စက်ရုံကြီးတည် ထောင်မှာပါ။ စက်ရုံစီမံကိန်းအတွက် ဖြစ်နိုင်ခြေအနေအထားကို အရင်လေ့လာမယ်။ မြေနေရာ လိုအပ်မှုအနေ အထား၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ရှိနိုင်-မရှိနိုင် စတဲ့အချက်တွေကို လေ့လာနေပါပြီ” ဟု Myanmar Lighting ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ထိုစီမံံကိန်း အကောင်အထည်ပေါ်လာပါက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ လျှပ်စစ်ဓါတ်အားကို ယခုထက် ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ဒေသတွင်း လုံလောက်စွာ ဖြန့်ဖြူး၍ ပိုလျှံသည့် ဓါတ်အားများကို နိုင်ငံတော် ဓါတ်အားစနစ်အတွင်းသို့ ထည့်သွင်း အသုံးပြုသွားမည်ဟု သိရသည်။

“ဒီစီမံကိန်းကြီး အကောင်အထည်ဖေါ်လာရင် ပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိပြီး
ပြည်နယ်အတွင်းမှာ အကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ စက်မှုလုပ်ငန်းတွေနဲ့ စီမံကိန်းလုပ်ငန်းတွေပါ ပိုပြီး လျှင်လျှင်မြန်မြန် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှာပါ” ဟု လျှပ်စစ်စွမ်းအား ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ယင်းအတွက် သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာ ခြင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုကို ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းအား အကောင်အထည်ဖေါ်မည့် Myanmar Lighting ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးစိန်ဝမ်း မှာ မြန်မာနိုင်ငံတွင် ပထဆုံး မီးချောင်းစက်ရုံကို ရွှေပြည်သာ စက်မှုဇုန်တွင် ထူထောင်လုပ်ကိုင် လျက်ရှိပြီး ဆိုင်းကလုန်း အမှတ်တံဆိပ် ပန်ကာများကို ထုတ်လုပ်၍ လည်း ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်း ချခဲ့သည်။ ထို့အပြင် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းကြီးများတွင် လည်းပါဝင်လုပ်ကိုင်ခဲ့ဖူး ကြောင်း သိရသည်။

Most read this week