ကော့သောင်းရောက် ဒုက္ခသည် ၈၅ ဦး ရန်ကုန်သို့ ပို့

ကော့သောင်းရောက် ဒုက္ခသည် ၈၅ ဦး ရန်ကုန်သို့ ပို့
by -
မဇ္စျိမ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား လှေစီး ဒုက္ခသည် ၈၅ ဦးကို သောကြာနေ့ နံနက်က ရန်ကုန် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

“မနက် ၄ နာရီလောက်မှာ အမြန်ယာဉ်နဲ့ ပို့လိုက်တယ်။ မြိတ်ကို ပို့တယ်။ မြိတ်က တဆင့် မြစ်ကြီးနား သင်္ဘောနဲ့ ရန်ကုန်ပို့မှာ” ဟု ကော့သောင်း လဝက ရုံးမှ ဦးကျော်မင်း က ပြောသည်။

၎င်းတို့ကို ရန်ကုန်တိုင်း လဝက ရုံးမှတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်ထားသည် ဟုလည်း ဦးကျော်မင်း က ဆိုသည်။

အသက် (၁၈) နှစ်အောက် ကလေးများ အပါအဝင် အမျိုးသား ရ၁ ဦး၊ အမျိုးသမီး ၁၄ ဦး ပါ၀င်သည့် ထိုအဖွဲ့တွင် မြန်မာစကား ပြောတတ်သူ (၆) ဦး ပါ၀င်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဒီဇင်ဘာလ (၂၄) ရက်နေ့က မလေးရှား နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်း ၁၁ နာရီ ဝန်းကျင်တွင် ကော့သောင်းမြို့၊ သီရိမြိုင် ရပ်ကွက် ဆိပ်ကမ်း၌ ထိုင်းကမ်းခြေဟုဆိုကာ လူကုန်ကူးသူများက စက်လှေမှ ချထားခဲ့ခြင်း ဖြစ်သည်။

ယင်းဒုက္ခသည်များ မူလ ထွက်ခွာစဉ်က လူ (၁၅၀) ကျော်ပါ၀င်ပြီး အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဓမင်းဆိပ်ကြီးရွာ၌ လူကုန်ကူးသူများက ဦးစွာ ချထားခဲ့ကြောင်း သိရသည်။

ဓမင်းဆိပ်ကြီးရွာသို့ ရောက်ရှိခဲ့သည့် ဒုက္ခသည်များကို မောရဝတီ ရေတပ်က ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဌာနေသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဓမင်းဆိပ်ကြီးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းတို့အား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အတွက် တဦးလျှင် မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ခဲ့ရပြီး မလေးရှားနိုင်ငံသို့ ရောက်ပြီဟု ဆိုကာ လိမ်ညာချထား ခံရသည်ဟုဆိုသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၅ ဦးကို တင်ဆောင်လာသည့် စက်လှေတစီး ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်လည် ပို့လွှတ်ခံခဲ့ရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား မြန်မာနိုင်ငံတွင်း နေထိုင်သူ ၈၀ ကျော် စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် စက်ချွတ်ယွင်းပြီး မြန်မာနိုင်ငံ တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာ မြို့နယ်ခွဲ၊ ကော့လှိုင် ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်ရာမှ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က တပ်မတော် ရေတပ်၏ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦးကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ လည်းကောင်း၊ ကျန် မြန်မာနိုင်ငံဖွား ၃၈ ဦးကို နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) အရလည်းကောင်း ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရသည်။

၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၃ ဦးကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းခွင့်ဖြင့် လွှတ်ပေးခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။