အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ရ ပြည်နယ်၏ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ (NEBS) သို့ မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် နယူးဒေလီ၌ ကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည့် ပြည်နယ်အများပါဝင်ကာ အဓိကအားဖြင့် စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသဖြင့် ဦးသာအေးနှင့် မြန်မာကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
“သူက အိန္ဒိယနိုင်ငံရဲ့ North East Business Summit ကို လာတက်တာပါ။ စစ်ကိုင်းတိုင်းက အိန္ဒိယ အရှေ့
မြောက် ပြည်နယ် ၄ ခုနဲ့ နယ်စပ်ချင်း ထိ်နေတော့လေ။ အရှေ့တောင်အာရှနဲ့ တရုတ်ဘက်ကို ထွက်ဖို့ဆိုရင် စစ်ကိုင်းတိုင်းက အရင်ဆုံးဖြတ်သန်းရမယ့် ထွက်ပေါက်တခု ပေါ့ဗျာ။ အဲဒီတော့ စစ်ကိုင်းတိုင်းက ၀န်ကြီးချုပ်ကို ဒီဘက်က အလေးထားပြီး ဖိတ်တာပါ” ဟု အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယာယီတာဝန်ခံ ဦးဘလှအေး က ရှင်းပြသည်။
ထိုပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ ကုန်သည်ကြီးများအသင်း (ICC)နှင့် အိန္ဒိယအစိုးရ တို့ ပူးတွဲစီစဉ်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးဖြစ်ကြောင်း ICC အင်တာနက် စာမျက်နှာမှတဆင့် လေ့လာသိရှိရသည်။
“သူတို့ဒေသဖွံ့ဖြိုးဖို့အတွက် ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို အဓိက ဖိတ်ခေါ်တာပေါ့ဗျာ၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံတွေထဲက ဘယ်နိုင်ငံတွေက လာပြီးတော့ ရင်းနှီးမြုပ်နှံနိုင်မလဲပေါ့နော်။ အဲဒါမျိုးသူတို့က ဆွဲဆောင်တာပေါ့ဗျာ” ဟု ဦးဘလှအေး က မဇ္စျိမကို ပြောသည်။
ထိုပြည်နယ်များမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပညာရှင်များ လာရောက်ကြသည့် ထိုဆွေးနွေးပွဲ၌ အရှေ့မြောက်ပြည်နယ် များ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး Paban Singh Ghatowar က အဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။
ထိုပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် အရေးကြီးလှသည့် အချက်များထဲတွင် 'မြန်မာနိုင်ငံနှင့် ချိတ်ဆက် ဖောက်လုပ်သည့် လမ်းမကြီး အမြန်သုံးနိုင်ရေး၊ ကုလားတန် ဘက်စုံလမ်းကြောင်း အမြန်သက်ဝင်လာစေ ရေးနှင့် မြန်မာနှင့် နယ်စပ် ပြည်နယ်များဖြစ်သည့် မဏိပူရနဲ့ မီဇိုရမ်တွင် ကုန်းကြောင်း ကုန်စည်ရေးရာဌာန (LCS) များ ပြုလုပ်ရန်' အရေးကြီးလှကြောင်း ဝန်ကြီး Paban Singh Ghatowar ကထည့်သွင်းပြောကြား သွားသည်။
မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး နှင့်အတူ ကုန်သည်ကြီးများအသင်း UMFCCI မှ အတွင်းရေးမှူး ဦးအေးလွင်၊ မိုးရေး-တမူး နယ်စပ်ကုန်သွယ်ရေးမှ တာဝန်ခံ ဦးလှမောင်နှင့် စစ်ကိုင်းတိုင်းမှ စီးပွားရေးသမား အချို့လည်း လိုက်ပါလာကြကြောင်း သိရှိရသည်။