ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်ဖွဲ့များ မြန်မာ့မြေတွင် မြှုပ်နှံထားခဲ့သည့်
လေယာဉ်နှင့် ဆက်စပ် ပစ္စည်းများ တူးဖော်ရန် ပဏာမ တိုင်းတာမှုများ စတင် ဆောင်ရွက်နေပြီဟု သိရသည်။
Spitfire လေယာဉ်များ တူးဖော်ရန်အတွက် အင်္ဂလန် လီးစ် ယူနီဗာစတီ တက္ကသိုလ်မှ ပါမောက္ခတဦး၊ ဘူမိရူပ ပညာရှင် သုံးဦး ခေါင်းဆောင်သည့် အဖွဲ့များ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး မင်္ဂလာဒုံတွင် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ တိုင်းတာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီ လီမိတက်နှင့် ဗြိတိန်နိုင်ငံမှ DLC ကုမ္ပဏီတို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ တော်ဝင်ကုမုဒြာ ဟိုတယ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
“Spitfire လေယာဉ်များကို ၁၉၉၈-၉၉ ကတည်းက မြန်မာပညာရှင်များနဲ့ ပြန်လည်တူးဖော် ခဲ့တာဖြစ်ပြီး ထိုတူး ဖော်စဉ်က လေယာဉ် အစအနတွေလောက်သာ ရှာနိုင်ခဲ့တယ်” ဟု မြန်မာ ဘူမိဗေဒပညာရှင် ဦးစိုးသိန်း က မဇ္စျိမသို့ ပြောသည်။
ဆက်လက်၍ “စာချုပ်မချုပ်ခင်အထိ အစီး ၁၀၀ ခန့် ရှာဖွေနိုင်ခဲ့တယ်။ အဲဒီတုန်းက နည်းပညာတွေရယ် နောက်ပြီး Apple ကုမ္ပဏီက နည်းပညာတွေရယ် ပေါင်းလိုက်တော့ ရှာရတာ ပိုပြီး လွယ်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဗြိတိသျှ တော်ဝင်လေတပ်နှင့် မဟာမိတ်တပ်များ အသုံးပြုခဲ့ပြီး ဂျာမန်နှင့် ဝင်ရိုးတန်းနိုင်ငံများအား အနိုင်တိုက်
ရာတွင် အရေးပါခဲ့သည့် တယောက်စီး ထိုတိုက်လေယာဉ်များကို ယခုခေတ် ဗြိတိသျှ လူငယ်များ ဂုဏ်ယူနိုင်ရန် အတွက် ပြတိုက်များတွင် ထားရှိပေးရန်နှင့် မျိူးဆက်သစ် ဗြိတိန် နိုင်ငံသားများအနေဖြင့် Spitfire လေယာဉ်အား သိရှိနားလည်စေရန် လေယာဉ်မောင်း နည်းသင်ကြားပေးမည်ဟု သိရသည်။
“စပစ်ဖိုင်းယား တွေဟာ ဗြိတိန်နိုင်ငံသားတွေအတွက် သူရဲကောင်းတွေ ဖြစ်သလို ဂျာမန်လေယာဉ်တွေကို အနိုင်တိုက်နိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ အမျိူးသားရေး လက္ခဏာ ပြယုဂ် ဖြစ်ပါတယ်။ ဒီလေယာဉ်တွေက စက်နှိုးတာနဲ့ ရွေ့နိုင်တဲ့အတွက် တိုက်ခိုက်ရေးမှာ အလွန်ကောင်းခဲ့တာ” ဟု အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်း က ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်း Spitfire လေယာဉ်များကို ဗြိတိန်နိုင်ငံမှ သယ်ဆောင်လာပြီး မြန်မာပြည်ရှိ လေယာဉ်
ကွင်းများမှ တဆင့် ဂျပန်ကို ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“လေယာဉ်တွေရဲ့ တောင်ပံ၊ ဘီး၊ ကိုယ်ထည် စတာတွေ လေယာဉ် တစီးစာကို သေတ္တာတလုံးနှုန်းနဲ့ ထုပ်ပိုးပြီး
မြန်မာပြည်ကို သယ်လာခဲ့တာ” ဟု ၎င်းက ဆိုသည်။
ယင်းလေယာဉ်များ မြန်မာပြည်သို့ရောက်ရှိချိန်တွင် အမေရိကန်က ဟီရိုရှီးမားနှင့် နာကာဆာကီမြို့များပေါ် အနုမြူဗုံး ကျဲချပြီးနောက် ဂျပန်များ တရားဝင် လက်နက်ချခဲ့ရသည်။ ထို့ကြောင့် ထိုလေယာဉ်များဖြင့် ဂျပန်တိုက်ရန် အသုံးမလိုဖြစ်ခဲ့ရသည်။ သို့အတွက် ဗြိတိန် စစ်သေနာပတိချူပ် မောင့်ဘက်တန်၏ အမိန့်ဖြင့် မြန်မာပြည် တွင်းမှာပင် သေတ္တာလိုက် မြှုပ်ခဲ့ရသည်ဟု သိရသည်။ ယင်းလေယာဉ်များကို မြန်မာပြည်ရှိ စစ်လေယာဉ်ကွင်းများ ရှိရာ ၃ နေရာတွင် မြှုပ်နှံခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
“အဲဒီမှတ်တမ်းတွေက ဗြိတိန်မှာ ရှိနေတယ်။ မြေမြှုပ်တုန်းက ပါဝင်ခဲ့တဲ့ အမေရိကန် စစ်သားဟောင်းတွေရဲ့ လက်ထဲမှာလည်း ဒီမှတ်တမ်းတွေ ရှိနေတယ်။ အဲဒီ မှတ်တမ်းတွေရယ်၊ ခေတ်မီနည်းပညာတွေရယ် ပေါင်းပြီး
ပြန်ရှာနိုင်ခဲ့တာပါ” ဟု ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်း က ရှင်းပြသည်။
“လေယာဉ်တွေကို မင်္ဂလာဒုံမှာ ၁၂ စီး၊ ၁၂ စီး၊ ၂၄ စီး၊ ၁၂ စီး လေးအုပ်စု၊ မြစ်ကြီးနားမှာ ၉ စီး၊ ၉ စီး နှစ်အုပ်စု၊ မိတ္ထီလာမှာ ၆ စီး တအုပ်စု မြှုပ်ခဲ့တယ်။ မြစ်ကြီးနားမှာ မြှုပ်ခဲ့တဲ့ လေယာဉ်တွေကို မြန်မာပညာရှင်အနေနဲ့ သေချာအောင် ဒီဇင်ဘာလ ၁၃ ရက်ကနေ ဇန်နဝါရီလ ရ ရက်အထိ သွားပြီး မှတ်တမ်းတင်ခဲ့ပြီးပါပြီ။ ၁၈ စီး တွေ့ ခဲ့ပြီးပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ မြန်မာနိုင်ငံအတွင်း မြှုပ်နှံ ကျန်ရစ်ခဲ့သည့် Spitfire လေယာဉ်များ ပြန်လည်တူးဖော်ရန် သမ္မတ ဦးသိန်းစိန် နှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီလက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ပြောဆိုခဲ့ဖူးသည်။