ထားဝယ် စီမံကိန်း ခြံလျော်ကြေးများ အငြင်းပွားနေရဆဲ

ထားဝယ် စီမံကိန်း ခြံလျော်ကြေးများ အငြင်းပွားနေရဆဲ
by -
မဇ္စျိမ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဒေသမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရာတွင် ထိခိုက်သွားသည့် ဥယျာဉ်ခြံများအတွက် လျော်ကြေးငွေ ပေးဆောင်မှုမှာ အငြင်းပွားဖွယ် ရှိနေသေးကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (DDA) မှ ကိုလေးလွင် က ပြောသည်။

ထိခိုက်သွားသည့် ခြံများကို အပင်အလိုက် လျော်ကြေးပေးရန် ဇွန်လ ၁၆ ရက်နေ့ကတည်းက ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် သမာဓိ လူကြီးများ ပါဝင်သည့် အဖွဲ့က ဈေးနှုန်း သတ်မှတ်ပေး ခဲ့သည်။ ထို ဆုံးဖြတ်ချက်အတိုင်း ပေးဆောင်မည်ဟု စီမံကိန်း အကောင်အထည်ဖော်လျက် ရှိသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD က ဒီဇင်ဘာလ ၅ ရက်နေ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်။

Daweiproject

ခရိုင် သတ်မှတ် ဈေးနှုန်းတွင် ခြံမြေ အပါအဝင် ရာဘာပင် ခြစ်ပင် တပင် တသိန်းကျပ်၊ အပတ်လတ် (၇ နှစ်မှ ၄ နှစ်) တပင် ခုနစ်သောင်းကျပ်၊ အပင်ငယ် (၃ နှစ်အောက်) တပင် သုံးသောင်းကျပ်။ သီဟိုဠ်ပင် အပင်ကြီး ကိုးသောင်းကျပ်၊ အပင်လတ် ခုနစ်သောင်းကျပ်၊ အပင်ငယ် သုံးသောင်းကျပ် စသည်ဖြင့် အပင်အမျိုးအစားအလိုက် လျော်ကြေးပေးရန် ပါရှိသည်။

သို့သော်လည်း ဒီဇင်ဘာလ ၁ဝ ရက်နေ့ လျော်ကြေးပေးရာတွင် ကုမ္ပဏီ ကိုယ်စားလှယ်များက သတ်မှတ်ဈေး အတိုင်း ပေးဆောင်ခြင်း မရှိ၍ ခြံရှင်အချို့ လက်မခံခဲ့ကြောင်း ကိုလေးလွင် က ပြောသည်။

“ရာဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ နာနတ်တို့ ရှိနေမယ် ဆိုရင်လည်း ရာဘာပင်အတွက်ပဲ ယူပါလို့ ပြောထားတယ်။ ရွာသား တွေလည်း လက်ခံတယ်။ ဒါပေမယ့် လျော်ကြေးပေးတဲ့အခါမှာ အကြီးကို အလတ်လုပ်၊ အလတ်ကို အသေးလုပ်ပြီး ပေးတယ်လို့ ပြောပါတယ်။ သူတို့ ပြောတဲ့ဈေးနဲ့ လွဲချော်နေတဲ့အတွက် ရွာသားတွေ မယူဘဲ ပြန်သွားကြပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ယခုလျော်ကြေးပေးသည့် ခြံများမှာ ရေနက်ဆိပ်ကမ်းနှင့် ၄ ကီလိုမီတာမှ ၁၉ ကီလိုမီတာ မော်တော်ကားလမ်း ဧရိယာ အတွင်းရှိ ခြံများ ဖြစ်ပြီး ခြံရှင် ၅၄ ဦးအနက် ရလိုင်ရွာမှ ရ ဦးနှင့် ပုဂေါဇွန်းရွာမှ ၁ ဦးတို့က လျော်ကြေးငွေကို လက်မခံကြဟု ဆိုသည်။

၎င်းပြင် လျော်ကြေးငွေကို လက်ခံရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ က ထားဝယ် မြို့တော်ခန်းမတွင် ပြုလုပ်သည့် လျော်ကြေးပေးပွဲတွင် ၎င်းတို့အား ခြိမ်းခြောက် ပြောဆိုခဲ့ သည်ဟုလည်း ခြံရှင်များက ပြောသည်။

“မင်းတို့ ယူချင်ယူ၊ မယူရင် မင်းတို့ကို ပေးမယ့် ပိုက်ဆံတွေ ဘဏ်မှာ အပ်ထားမယ်။ မဖယ်ပေးရင် (မြေထိုးစက်နဲ့) လာထိုးမယ်။ လက်မခံရင် မင်းတို့ကို ရဲနဲ့ ဖမ်းခိုင်းမယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ရလိုင် ကျေးရွာမှ လျော်ကြေးငွေ လက်မခံသည့် ခြံရှင်တဦး က ပြောသည်။

လျော်ကြေးပေးပွဲ အခမ်းအနားသို့ ဦးဘုန်းဆွေ အပါအဝင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၊ ထားဝယ် စီမံကိန်း အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေ၊ ITD မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူ ၂ဝဝ ကျော် တက်ရာက် ခဲ့ကြသည်။

“သူတို့ အားလုံး သဘောတူတဲ့ ဈေးနှုန်းအတိုင်း ကျနော်တို့ ပေးတာပဲ။ ကျနော်ကတော့ ပေးတဲ့လူလည်း မဟုတ်ဘူး။ ရတဲ့လူလည်း မဟုတ်ဘူး။ သို့သော်လည်း ကျနော်ကတော့ မနစ်နာအောင်တော့ လုပ်ပေးနေတဲ့ သူလေ။ ကျနော် ထားဝယ်သားပဲ ခင်ဗျာ။ ရွာသားတွေ ဘက်က ရပ်တည်ပြီးတော့ ကျေနပ်မှ ယူ၊ မကျေနပ်ရင် မယူနဲ့လို့ ပြောထားပြီး သားပဲ။ သူတို့ ကျေနပ်လို့ လာယူကြတာပါ” ဟု တိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို က မဇ္စျိမကို ပြောသည်။

ကားလမ်း ဖောက်လုပ်ခြင်းကြောင့် ခြံရှင် ၅ဝ ဦးပိုင် မြေဧက ၃ဝဝ ကျော်အတွင်းရှိ ခြံမြေနှင့် စိုက်ပင်များအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၄ သောင်းကို ပေးလျော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထားဝယ် စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ထားဝယ်-ဖူနမ်ရွမ် (ထိုင်း) မော်တော်ကား လမ်းသည် ကီလိုမီတာ ၁၇ဝ ရှည်လျားပြီး မြန်မာနိုင်ငံ အတွင်းပိုင်းတွင် ကီလိုမီတာ ၁၅ဝ ရှိသည်။

စီမံကိန်း နယ်မြေ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှ ၁၉ ကီလိုမီတာ ကွာဝေးသည့် ထားဝယ် မြစ်ကူးတံတားအထိမှာ အောင်မြင်သည့် ဥယျာဉ်ခြံများ ဖြစ်ပြီး ကျန်သည့်အပိုင်း ထိုင်းနယ်စပ် ထီးခီးကျေးရွာထိမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ ၏ ထိန်းချုပ်နယ်မြေ ဖြစ်သည်။

KNU နယ်မြေအတွင်း လျော်ကြေးငွေ ပေးလျော်ခြင်းကိစ္စကို ကုမ္ပဏီအနေနှင့် KNU နှင့် ညှိနှိုင်းဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်ဟု ပြောသော်လည်း မည်ကဲ့သို့ ပေးလျော်ခဲ့သည်ကို အသေးစိတ် ပြောကြားခြင်း မရှိပေ။

သို့သော်လည်း KNU နယ်မြေအတွင်းတွင် ရာဘာပင် တပင်အတွက် ကျပ်သုံးသိန်းနှုန်းအပြင် နာနတ်ပင်၊ ဝဥပင် စသည်တို့အတွက်လည်း ပေးလျော်ထားသည်ဟု ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ဆိုသည်။

ကုမ္ပဏီ အနေနှင့် စီမံကိန်း နယ်မြေအတွင်း ကျရောက်သည့် ပုဂေါဇွန်းရွာအနီးမှ ဥယျာဉ်ခြံမြေနှင့် စိုက်ပင်များ စသည်တို့အတွက်လည်း လျော်ကြေးများ ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပြီး သတ်မှတ်နှုန်းထားအတိုင်း မပေးဆောင်ပါက ကုမ္ပဏီနှင့် ခြံရှင်ကြား မကျေလည်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်သည်ဟု ကိုလေးလွင် က ပြောသည်။

ဧရိယာ ၂ဝ၄.၅ စတုရန်း ကီလိုမီတာ (၅ဝ,၆၇၅ ဧက) ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်း အတွက် ထားဝယ်ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာ၊ အိမ်ခြေ ၄ဝဝဝ ကျော်မှ လူဦးရေ ၃ဝ,ဝဝဝ ကျော် နေရာ သစ် ၃ ခုသို့ ပြောင်းရွှေ့ရမည် ဖြစ်ပြီး ပြန်လည် နေရာချထားရေး စခန်းတွင် အိမ်သစ်များ ဆောက်လုပ်နေဆဲ  ဖြစ်သည်။