ပဲခူးမြို့နယ်တွင် တောဆင်ရိုင်းများ သောင်းကျန်းနေ

ပဲခူးမြို့နယ်တွင် တောဆင်ရိုင်းများ သောင်းကျန်းနေ
by -
မဇ္စျိမ

တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးခြင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်တွင် သုံးလတာအတွင်း လယ်စပါး ဧက ၂၀၀ ကျော် ပျက်စီးသွားကြောင်း သိရှိရသည်။

အောက်တိုဘာလမှ ယခုအချိန်ထိ ပဲခူးမြစ် ချောင်းဖျားဒေသများ ဖြစ်သည့် ထန်းတောကြီး၊ ဇီးပင်၊ ဇောင်းတူ၊ ဝပိုင်၊ ကမ်းမြင့်၊ နတ်စပ်၊ သစ်ပင်ဆိပ် စသည့် ကျေးရွာများရှိ တောင်သူများ၏ စပါးခင်း အတွင်းသို့ တောဆင်ရိုင်းများ အုပ်စုလိုက် ဝင်ရောက်ကာ စပါးများကို စားသောက် နင်းခြေ ဖျက်ဆီးခဲ့သည်ဟု ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

“တောင်သူတွေက ကျေးရွာ NLD ကို တင်ပြတယ်။ ကျေးရွာ NLD ကတဆင့် ကျနော်တို့ ပဲခူး NLD ကို တောင်သူ အမည်၊ ရွာအမည်၊ ကွင်းအမှတ်၊ လက်မှတ် ဇယားကွက်တွေနဲ့ တင်ပြလာတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က” ဟု ပဲခူး NLD လူငယ် ကိုအေးမင်းဦး က မဇ္စျိမကို ပြောသည်။

ဒေသတွင်း သစ်ထုတ် လုပ်ငန်းများကြောင့် သစ်တောများ ပြုန်းတီးပြီး တောရိုင်း တိရစ္ဆာန်များ၏ စားကျက်များ ပျက်စီး လျော့နည်းလာ၍ တောဆင်ရိုင်းများက လယ်ယာမြေများနှင့် ကျေးရွာများ အတွင်းသို့ပင် ဝင်ရောက် သောင်းကျန်းလာခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ဆင်ကောင်ရေ အနည်းဆုံး လေးကောင်မှ အများဆုံး အကောင် ၂ဝ ထိ ဝင်ရောက် ဖျက်ဆီးတတ်ပြီးအများ အားဖြင့် ညအချိန်များတွင်သာ ဝင်ရောက်လေ့ ရှိသည်ဟု ဆိုသည်။

“အကောင်များရင် နေ့ဘက် လာတယ်။ နည်းရင် ညဘက် လာတယ်။ အကောင်ရေ ၁ဝ ကောင်၊ ၁၅ ကောင် လောက် ဆိုရင် နေ့ဘက်ကို လာတယ်။ အုပ်စု တောင့်ရင် သူတို့ မကြောက်တဲ့ သဘောပေါ့” ဟု ထန်းတောကြီး ကျေးရွာမှ တောင်သူတဦးက ပြောသည်။

ယမန်နှစ်က လယ်ယာအတွင်း ဝင်ရောက်လာသည့် ဆင်အုပ်ကို ခြောက်လှန့် မောင်းထုတ်ရာမှ ဆင်များ၏ ရန်မူခြင်း ကို ခံရပြီး တောင်သူ သုံးဦး ဆင်နင်းခံရကာ အသက် ဆုံးရှုံးခဲ့ရသည့်အတွက် ယခုနှစ်တွင်မူ ဆင်များ ကို ခပ်လှမ်းလှမ်းမှသာ ခြောက်လှန့်နေရသည်ဟု သူက ဆက်ပြောသည်။

ယခုနှစ်တွင် ရန်မူတတ်သည့် ဆင်များသည် ရွာတွင်းသို့ ဝင်ရောက်ပြီး အိမ်အနိမ့်များနှင့် စပါးကျီများကိုလည်း ဖျက်ဆီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိသေးကြောင်း သူက ပြောသည်။

ဆင်များ စတင် ဖျက်ဆီးခဲ့သည့် အောက်တိုဘာလမှ စပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားခဲ့ပြီး ၎င်းမှတဆင့် မြို့နယ်သို့ အကူအညီ တောင်းထားသော်လည်း ယနေ့အချိန်ထိ လာရောက် စုံစမ်းကြည့် ရှုခြင်းများ မရှိသေး၍ မီးဖိုခြင်း၊ သံချောင်း ခေါက်ခြင်းဖြင့်သာ ဆင်ရိုင်းများကို ခြောက်လှန့်နေရပြီး အခြားကာကွယ်ရန် နည်းလမ်း မရှိသေးကြောင်း တောင်သူများက ပြောသည်။

ပဲခူးခရိုင် သစ်တော ဦးစီးဌာနမှ အရာရှိတဦးကမူ ‘အောက်တိုဘာလ ၅ ရက် နေ့စွဲဖြင့် ပဲခူးမြို့နယ် မုတ်သျှစ်ဝ
ကျေးရွာမှ လယ်သမား ခြောက်ဦး၏ လယ်မြေ ၁ဝ ဒဿမ ၅ ဧကအား တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးခဲ့သည် ကိုသာ’ ၎င်းတို့ဌာနသို့ တင်ပြလာခဲ့ပြီး နောက်ထပ် တင်ပြလာခြင်း မရှိဟု ဆိုသည်။

တောင်ဆင်ရိုင်း အန္တရာယ်မှ တားဆီး ကာကွယ်ရေးအတွက် “ကျနော်တို့ သစ်တောနဲ့ သစ်ထုတ်နဲ့ ပေါင်းပြီး ညှိနှိုင်း ဆောင်ရွက်နေပါတယ်ခင်ဗျ” ဟု အဆိုပါ သစ်တော အရာရှိက ပြောသည်။

ပဲခူး NLD အနေနှင့် တောင်သူ ၂ဝဝ ကျော်၏ စုပေါင်း လက်မှတ်ဖြင့် တင်ပြလာသည့် ပျက်စီး လယ်မြေစာရင်းများကို တိုင်းအစိုးရအဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး ဥက္ကဋ္ဌထံသို့ တင်ပြသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း သစ်တောများ တစစ ပြုန်းတီးလာခြင်း၊ သားရဲ တိရစ္ဆာန်များ၏ စားကျက်မြေများ လျော့နည်း လာခြင်းနှင့် တောဆင်ရိုင်းများကို ပစ်ခတ်ဖမ်းဆီးမှု များလာခြင်းကြောင့် မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ အိမ်နီးချင်း ဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စသည်တို့သို့ ဝင်ရောက် နေထိုင်မှုများ ရှိလာကြောင်း ဒေသမှ လာသော သတင်းများက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရွှေဥဒေါင်း ဆင်ဘေးမဲ့တောနှင့် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော နှစ်ခု ရှိပြီး ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမတောရှိ မြောက်ဇာမရီ သစ်တော ကြိုးဝိုင်းကိုလည်း ဆင်ဘေးမဲ့တောအဖြစ် ထိန်းသိမ်းရန် သစ်တော ဦးစီးဌာနက စီစဉ်လျက် ရှိကြောင်း သိရသည်။