မယ်တော် ဆေးခန်းသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း လာရောက်လေ့လာ

မယ်တော် ဆေးခန်းသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း လာရောက်လေ့လာ
by -
မဇ္စျိမ

ထိုင်းဝန်ကြီး ချုပ်ဟောင်း အဖိစစ် ဝေ့ချာချီဝ သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်းသို့  ဒီဇင်ဘာ ၆ ရက်နေ့က လာရောက် လေ့လာခဲ့သလို ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်၏ ၅၃ နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း ဒေါက်တာ စင်သီယာမောင် က ပြောသည်။

“သူတို့ ဒီနယ်စပ်ကို လာတုန်းမှာ World Education အစီအစဉ်နဲ့ ဆက်သွယ်ပြီးတော့ လာတာ။ နယ်စပ်မှာ ရှိတဲ့ ကျန်းမာရေး၊ ပညာရေးတွေကို လာရောက် လေ့လာတာပါ။ ကျတို့ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက် နေတာ ဆိုတာပေါ့။ ဆေးခန်းမှာတော့ အထူးသဖြင့် ကျန်းမာရေး ကိစ္စကိုပဲ အဓိက မေးမြန်းသွားတယ်” ဟု မဇ္စျိမကို ပြောသည်။

meldawclinic

ထိုင်းဝန်ကြီး ချုပ်ဟောင်း အဖိစစ် ဝေ့ချာချီဝ မယ်တော် ဆေးခန်းအား ပထမဆုံး အကြိမ်အဖြစ် လာရောက် လေ့လာသွားပြီး ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်၏ ၅၃ နှစ်မြောက် မွေးနေ့ အတွက်လည်း အမှတ်တရ လက်ဆောင်များ ပေးအပ် (Photo:: Facebook of Abhisit)

အကူအညီ ပေးရန်နှင့် ပတ်သက်၍ အထူးပြု ဆွေးနွေးခဲ့ခြင်း မရှိဘဲ အခြေအနေ အချို့အား လေ့လာသည့် ပုံစံဖြင့် လာရောက်ခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။

ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ မယ်တော် ဆေးခန်းသို့ လာရောက်လေ့ ရှိသော်လည်း ဝန်ကြီးချုပ်ဟောင်း အနေနှင့် လာရောက်လည်ပတ်မှုမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

ခရီးစဉ်အတွင်း မဲဆောက် ဆေးရုံမှ ဆရာဝန်ကြီးများလည်း လိုက်ပါလာကြကာ လက်ရှိ မယ်တော် ဆေးခန်း၏ လူနာ အရေအတွက်၊ မဲဆောက်ဆေးရုံနှင့် တွဲဖက် လုပ်ဆောင်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ စင်သီယာမောင် က ပြောသည်။

မြန်မာတို့၏ မယ်တော် ဆေးခန်းအပြင် SAW (Social Action for Women) အဖွဲ့၊ Has Thoo Lei ကျောင်း၊ Star Flower Center ကျောင်းရှိ ကိုယ်အင်္ဂါချို့တဲ့သော ကလေးများနှင့် (TPC) Teacher Preparation College သို့လည်း အဖိဆစ် သွားရောက် တွေ့ဆုံခဲ့သည်။

မယ်ထော် ဆေးခန်း ဦးစီးတည်ထောင်ခဲ့သည့် ဒေါက်တာ စင်သီယာမောင်၏ ၅၃ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနား ကို မဲဆောက် မြို့ရှိ Children Development Center (CDC) ကျောင်းတွင် ကြာသပတေးနေ့ နံနက် ပိုင်းက ပြုလုပ် ခဲ့ပြီး ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်ခဲ့ကြကြောင်းလည်း CDC ကျောင်းအုပ် မန်းရွှေနှင်း က ပြောသည်။

“ကျနော်တို့ ခါတိုင်း နှစ်လိုပဲ ဆေးရုံ ဝန်ထမ်းတွေ၊ နိုင်ငံတကာ ရောက်နေတဲ့ ဝန်ထမ်း ဟောင်းတွေ၊ ကျောင််းသားဟောင်းတွေ၊ ဒီမှာ ရှိတဲ့ CBOs အဖွဲ့အစည်းတွေ၊ ဒီမှာ ရှိတဲ့ သူ့ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်းပြီးတော့ သူရဲ့ ၅၃ နှစ်မြောက် မွေးနေ့ပွဲ အခမ်း အနားကို လုပ်လိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။

၎င်း၏ မွေးနေ့ပွဲ ပြုလုပ်ပေးသည့်အပေါ်လည်း ဆရာမ စင်သီယာမောင် က “ကျမတို့ ဒီနယ်စပ်မှာ ရှိတဲ့ အဖွဲ့အစည်း တွေ စုံစုံလင်လင်၊ မိသားစုလို ပုံစံမျိုး လုပ်ရတော့ ဝမ်းသာပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

မြန်မာပြည်တွင်း၌ အပြောင်းအလဲ တချို့ ဖြစ်ပေါ်လျက် ရှိသော်လည်း နယ်စပ်ဒေသ၌မူ စီးပွားရေးအခွင့် အလမ်းပေါ် မူတည်၍ ပြောင်းရွှေ့လူထူမှာ ဆက်လက်တည်ရှိနေဦးမည် ဖြစ်၍ ဆက်သွယ်မှုများ ပိုမိုအား ကောင်းလာရန်၊ ပူးပေါင်း လုပ်ဆောင်မှု ပိုမို အားကောင်းလာရန်နှင့် ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များ မှာ ထိုင်းနိုင်ငံအတွက်ရော မြန်မာနိုင်ငံ အတွက်ပါ အကျိုးရှိသည့် လုပ်ငန်း ဖြစ်၍ တတ်စွမ်းသရွေ့ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဒေါက်တာ စင်သီယာမောင် က ပြောဆိုသွားသည်။

မယ်ထော်ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နယ်စပ်ဒေသတွင် နေထိုင်သူများနှင့် ဒုက္ခသည် များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားပြုနေရသည့် ဆေးရုံကြီးတခုသဖွယ် ရပ်တည်နိုင် လျက်ရှိသည်။