အိန္ဒိယ မြန်မာ စစ်ဘက်နှင့် အရပ်ဘက် အရာရှိကြီးများ ပါဝင်သည့် နယ်စပ်ရေးရာ ကော်မတီ အစည်းအဝေး ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ ရ ရက်နေ့အထိ ပြုလုပ်သွားရန်ရှိ သည်ဟု အိန္ဒိယ မဏိပူ ပြည်နယ်ထုတ် Imphal Free Press သတင်းစာတွင် ဖေါ်ပြထားသည်။
နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြံုရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေး ဖလှယ်ကြမည်ဖြစ်ပြီး စစ်ဘက်၊ အရပ်ဘက် ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေး ဖြစ်သလို နယ်စပ်ဒေသရှိ လက်နက်ကိုင်သူပုန်များအား ထိန်းချုပ်ထားနိုင်မှုကို အကဲဖြတ်သည့် အစည်းအဝေးလည်းဖြစ်သည့်အတွက် အရေးပါကြောင်း ယင်းသတင်းစာက ဖော်ပြသည်။
ထို့အပြင် ကိုယ်စားလှယ်များ အနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် မိတ်ဖက်အသွင်ဆောင် သည့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ခိုင်မာစေရေးအပြင် နှစ်ဘက် အကူအညီများ၊ အမြင်များ ကိုဖလှယ်နိုင် သည့် အခွင့်အလမ်းများ ရရှိစေသည့် ဆွေးနွေးပွဲလည်း ဖြစ်သည်ဟု ဆိုသည်။
အစည်းအဝေးတွင် အိန္ဒိယက မြန်မာအတွက် စက်ပစ္စည်းများ အမှတ်တရ လက်ဆောင် ပေးအပ်မည်ဟု သိရသည်။ အိန္ဒိယနိုင်ငံက မြေတူးစက် ၁၂ စီး အပါအဝင် မြေညှိစက် လေးစီးကိုလည်း မြန်မာ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအဖြစ် နယ်စပ်မြို့ဖြစ်သည့် မိုးရေးမြို့တွင် ပေးအပ်မည်ဟု လည်း သတင်းစာ၌ ဖော်ပြထားသည်။
ထိုစက်ပစ္စည်းများအား မြန်မာကိုယ်စားလှယ် အဖွဲ့အကြီးအကဲ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလွင် မှ လက်ခံရယူမည်ဖြစ်သည်။ အမှတ်တရ စက်ပစ္စည်းများ လက်ဆောင်ပေးပွဲကို နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိပြီး အိန္ဒိယ ဘက်မှ ဒုဗိုလ်ချုပ် Lt Gen AK Sahni ဦးဆောင်မည်ဟု သိရသည်။