မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် အဆင့်မြင့် ဝန်ကြီးအချို့၏ စင်္ကာပူ လေ့လာရေးခရီးကို တနင်္လာနေ့တွင် စတင်လိုက်သည်။
ငါးရက်တာ ခရီးစဉ်တွင် ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးလည်းဖြစ်၊ အာရှပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုကော်မရှင် (ESCAP) ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ်သည့် ဒေါက်တာ နိုလင်း ဟေဇာ (Dr. Noeleen Heyzer) က ဦးဆောင်ကာ စင်္ကာပူ စက်မှု ဖွံ့ဖြိုးရေး မူဝါဒနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်မည့် မဟာဗျူဟာနှင့် ပြည်သူလူထုအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များ ပေးဝေရေးတို့ကို လေ့လာခွင့် ရမည်ဖြစ်ကြောင်း ESCAP က ထုတ်ပြန်ကြေညာသည်။
“ဒီခရီးဟာ ESCAP က စီစဉ်နေတဲ့ ဝန်ကြီးများအဆင့် အသိအမြင် ကွန်ယက် မစ်ရှင်တွေထဲက ပထမဆုံး ဖြစ်ပါ တယ်” ဟု ဒေါက်တာ နိုလင်း ဟေဇာ က ဆိုသည်။
ထို့ပြင် “ဒေသတွင်းမှာ ပေါ်လစီအတွေပအကြံုတွေနဲ့ ဆန်းသစ်ပြောင်းလဲခြင်းတွေ ပေါကြွယ်ပါတယ်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေနဲ့ ပိုမိုအားဖြစ်အောင်၊ ပိုမိုပါဝင်ပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုရှိအောင် အောင်မြင်စွာတည်ဆောက်နိုင်တဲ့ နိုင်ငံတွေအကြား နီးကပ်တဲ့ ဆက်ဆံရေးကို တွန်းဆော်ပေးခြင်းအားဖြင့် ဒီ တန်ဖိုးရှိလှတဲ့ အသိအမြင်တွေကို လမ်းဖွင့်ပေးဖို့ လုပ်နေပါတယ်” ဟု ဒေါက်တာဟေဇာ က ပြောသည်။
ဘန်ကောက်မြို့ အခြေစိုက် ESCAP မှာ ကုမသမဂ္ဂ၏ ဒေသတွင်း ကော်မရှင် ငါးခုအနက် ဧရိယာ အလွှမ်းခြံုနိုင်ဆုံး နှင့် အဖွဲ့ဝင် အများဆုံး ကော်မရှင်ဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်မှုရှိသည့် စီးပွားရေးနှင့် လူမှုတိုးတက်မှုများ မြှင့်တင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
တနင်္ဂနွေနေ့က ထုတ်ပြန်သည့် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုခရီးစဉ်မှာ စင်္ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်ရှိ မြန်မာနိုင်ငံသို့ စင်္ကာပူ၏ နည်းပညာ ထောက်ပံ့မှု၏ တစိတ်တပိုင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာဝန်ကြီးများအဖွဲ့သည် စင်္ကာပူ ဝန်ကြီးချုပ် လီစိန်လွန်း (Lee Hsien Loong) နှင့် တွေ့ဆုံရန်ရှိပြီး စင်္ကာပူ၏ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုချောက်တောင် (Goh Chok Tong) ကလည်း ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်း သိရသည်။