လက်ပံတောင်း သပိတ်ဖြိုခွင်းမှု KIO ရှုတ်ချ

လက်ပံတောင်း သပိတ်ဖြိုခွင်းမှု KIO ရှုတ်ချ
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သံဃာများနှင့် ပြည်သူများကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲမှုကို ရှုတ်ချကြောင်းနှင့် သံဃာနှင့် ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းမိကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က တနင်္လာနေ့က ပြောဆိုလိုက်သည်။

“လက်နက်ကိုင်ထားတဲ့ ရန်သူသဖွယ် အကြမ်းဖက်နှိမ်နှင်းတဲ့ကိစ္စကို ကျနော်တို့ KIO ကတော့ လုံးဝ လက်မခံ နိုင်ဘူး။ ကျနော်တို့လည်း လူထုတွေ ခံစားနေရတဲ့ ခံစားချက်ကို စာနာထောက်ထားမိတယ်။ ဒီကိစ္စက ဘယ်လို မှ ခွင့်လွှတ်နိုင်စရာ မရှိဘူး။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ လူစုလူဝေးထဲကို ဓါတု လက်နက်နဲ့ ဖြိုခွဲလိုက်တယ် ဆိုတာက နိုင်ငံတကာမှာ၊ ပြုပြင်ပြောင်းလဲရေးကို သွားနေတယ်ဆိုတဲ့ အစိုးရရဲ့ လုံးဝသိက္ခာမဲ့ စရာဖြစ်တယ်” ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။

လူစုလူဝေးအတွင်း လက်နက်နှင့် ပစ်ခွင်းသော ကိစ္စသည် လတ်ရှိအစိုးရ လက်ထက်သာမက ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရလက်ထက်မှစတင်၍ စဉ်ဆက်မပြတ် ဖြစ်ခဲ့သည့် ကိစ္စဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် တွင်လည်း အစိုးရတပ်ဖွဲ့ မှ ဓါတုလက်နက်များ သုံးစွဲမှု ရှိခဲ့သည်ဟု သူက ပြောသည်။

“ဓါတုလက်နက်နဲ့ ပတ်သက်ပြီး ကျနော်တို့ ကချင်ဒေသမှာလည်း အစိုးရစစ်တပ်တွေက အများကြီး အသုံးပြုခဲ့ ပါ တယ်။ အဲဒီလို အသုံးပြုခဲ့တဲ့ ဓါတုလက်နက် အဆိပ်သင့်တဲ့ ရဲဘော်တပ်သားတွေကလည်း ခုထက်ထိ လူနာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်က ဓါတုလက်နက်နဲ့ ပစ်ခွင်းခံရတဲ့ သံဃာတော်တွေနဲ့ လူထုအပေါ်မှာ အများကြီးစာနာမှု ရှိတယ်။ အများကြီး ဝမ်းနည်းမိတဲ့အကြောင်း ကျနော်တို့ ဆန္ဒဖော်ထုတ် တာပါ” ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။

KIO ၏ ရှေ့တန်းတိုက်ပွဲအတွင်း ဓါတုလက်နက်ဖြင့် အဆိပ်သင့်ခံရသော ရဲဘော် ၃ဝ ခန့် ရှိကြောင်း “တချို့ က သွားသွားလာလာရပေမယ့် နဂိုပုံမှန်အတိုင်း မဖြစ်တဲ့ လူတွေ ရှိပါတယ်။ အဲဒီဓါတ်ငွေ့ အဆိပ်သင့်တဲ့ ရဲဘော်တွေကို ကျနော်တို့ အဆင့်မြင့်ဆေးပညာ၊ စစ်ဆေးနိုင်တာ မရှိဘူး။ ထင်သာမြင်သာ ဖြစ်တဲ့ လူနာက နှစ်ဦး အိပ်ယာပေါ်မှာ ဘုန်းဘုန်းလဲသွားတဲ့ပုံစံ ခုထိ ရှိတုန်းပါ။ ဒါက ဓါတုအဆိပ်သင့်မှုရဲ့ ဆိုးကျိုး ရလဒ်ပါ” ဟု ဆက်ပြောသည်။

ထို့ပြင် ယခု လက်ပံတောင်း ဖြစ်ပျက်မှုများ အားလုံးသည် သမ္မတ ဦးသိန်းစိန် အပေါ်မှာ တာဝန်ရှိပြီး သူ တာဝန်ခံရ မည့် ကိစ္စဖြစ်သည်ဟု KIO က ပြောဆိုလိုက်သည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန် သင့်မသင့် လေ့လာအကြံပြုရန် စနေနေ့က ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အကြမ်းဖက် နှိမ်နှင်းခဲ့မှုကို ဦးစားပေး ဖော်ထုတ်စေလိုကြောင်း KIO က အကြံပြုတိုက်တွန်းလိုက် သည်။

လက်ရှိ ဖြစ်ပွားနေသော ကိစ္စမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့်တွင် မဟုတ်ဘဲ အစိုးရမှ တာဝန်ယူ ဆောင်ရွက် ပေးနေသည့် လုပ်နည်းလုပ်ဟန်များနှင့် အကျင့်ပျက် ခြစားမှုအပေါ် အခြေခံ၍ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဦးလနန် က ပြောဆိုသည်။

“ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာ အားလုံးဟာ နိုင်ငံခြား ရင်းနှီးမြှုပ်မှုကြောင့် ဖြစ်တာတဲ့ ကိစ္စတခုလို့ပြောလို့ မရဘူး။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေကလည်း တချို့နေရာတွေမှာ တပ်နဲ့ ပူးပေါင်းပြီးတော့ နယ်မြေသိမ်းခံရတာ အများကြီးပါ။ ဒီပြဿနာတွေဟာ ဒီရင်းနှီးမြှုပ်နှံ့မှုကိ ခွင့်ပြုပေးတဲ့ အာဏာရအစိုးရ အနေနဲ့ လူထုအပေါ်မှာ ဘယ်လောက်ထိ ငဲ့ညာတယ်။ အာမခံချက်ပေးတယ်။ စဉ်းစားပေးတယ် ဆိုတဲ့ အပေါ်မှာပဲ ဒီပြဿနာ ပေါ်လာနိုင် စရာ အကြောင်းရှိတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

မြန်မာစီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ဝမ်ပေါင်း ကုမ္ပဏီတို့ ပူးပေါင်း၍ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ဆောင်နေမှုအား လုံးဝ ရပ်ဆိုင်းရန် နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ သံဃာတော်များနှင့် ပြည်သူများ သပိတ်စခန်း ဖွင့်လှစ်၍ ဆန္ဒပြခဲ့ကြရာ ၁၂ ရက်မြောက်နေ့တွင် လုံခြံုရေးတပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်၍ သံဃာ ၈၇ ပါးနှင့် လူ ၅ ဦး မန္တလေး ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေရသည်။

Most read this week