စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစံမံကိန်း ဧရိယာအတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်မှ ထီးတော်နှင့် စိန်ဖူးတော်အား လှူဒါန်းလိုကြောင်း ဝန်ကြီး ဦးအောင်မင်း က သံဃာတော်များကို လျှောက်ထားလိုက်သည်။
သပိတ်စခန်း ခြောက်ခု အထိ ဖွင့်လှစ်ထားပြီး “လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး” အတွက် ဆန္ဒပြနေကြ သည့် ဒေသခံများအား နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီ ကျော်ကျော်အထိ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ စစ်ကိုင်းတိုင်း သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်နှင့် National Economic and Social Advisory မှ ဦးလှမောင်ရွှေတို့ သွားရောက်၍ တွေ့ဆုံခဲ့စဉ် ထိုသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“ဒေသခံတွေမှာလည်း သူတို့ဒေသခံရဲ့ လိုအပ်မှုကို ပြောပါတယ်။ သံဃာတော်တွေ ဘက်ကလည်း သံဃာတွေရဲ့ လိုအပ်မှုတွေကို ပြောတယ်။ ပံ့ပိုးကူညီတဲ့ လူတွေကလည်း ပြောတယ်။ အဲဒါတွေ အားလုံးကို ဝန်ကြီး ဦးအောင်မင်းက မှတ်သားထားတယ်။ အဲဒီမှာရှိတဲ့ လယ်တီ ဆရာတော်ဘုရားရဲ့ စိန်ဖူးတော်ဟာလည်း အနည်းငယ် ပျက်တယ်လို့ သံဃာတော်တွေဘက်က ပြောတယ်။ အဲဒါကို ဝန်ကြီးအနေနဲ့ သံဃာတော်တွေ လက်ခံရင် အဲဒီ ထီးတော်နဲ့ စိန်ဖူးတော်ကို လှူချင်ပါတယ်လို့ ပြောတယ်” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။
ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်း ဖွင့်၍ ဆန္ဒပြမှုမှာ ရှစ်ရက် ကြာပြီဖြစ်ပြီး နေ့ညမပြတ် သံဃာတော်နှင့် ဒေသခံ ပြည်သူများ အင်အား ၂,ဝဝဝ ကျော်ဖြင့် ဆန္ဒပြလျက် ရှိသည်။
၎င်းတို့အား သွားရောက် တွေ့ဆုံရခြင်းမှာလည်း အချက်အလက်များ စုဆောင်းနိုင်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။
“ဝန်ကြီး ဦးအောင်မင်း ကတော့ သမ္မတရုံး ဝန်ကြီး အနေနဲ့ အဲဒီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေကို ကူညီဖြေရှင်း ပေးနေတယ်။ သူ့အနေနဲ့ကလည်း ထပ်ပြီးတော့ အချက်အလက်တွေ ရအောင်လို့ ဆိုတာမျိုး ဆင်းတွေ့ တာပါ” ဟု ဦးလှ မောင်ရွှေ က ဆက်ပြောသည်။
ထိုသို့ သပိတ် စခန်း ဖွင့်လှစ်၍ ဆန္ဒပြသူ များထဲတွင် သံဃာ တော်များ၊ ဒေသခံ ကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန်ယက်များ၊ လက်ပံတောင်းတောင် အကျိုး စီးပွား ကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသား များ ပါဝင်သည်။
“ဝန်ကြီး ဦးအောင်မင်း ကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခု သပိတ်စခန်းတွေ တောင်းဆိုနေတဲ့ဟာ သူ့အနေနဲ့ ချက်ခြင်း ဆောင်ရွက်ပေးလို့ မရပါဘူး။ နိုင်ငံတော် သမ္မတကို တင်ပြပေးမယ်လို့ ပြောတယ်။ ဒီဘက်က ဒေသခံတွေ ကတော့ လက်ပံတောင်း စီမံကိန်း လုံးဝ မဖျက်သိမ်းသရွှေ့ သပိတ်စခန်းတွေကိုလည်း မဖျက်ဘူး။ ဒီစီမံကိန်း ဖျက်ပြီးမှပဲ အိမ်ပြန်မယ် ဆိုပြီး တပ်စွဲ ထားတယ်” ဟု ပင်မ သပိတ်စခန်းတွင် ရောက်ရှိ နေသည့် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက် က မဇ္စျိမကို ပြောသည်။
သပိတ်စခန်းများကို ပုသိမ်-မုံရွာ ကားလမ်း မကြီးဘေး လက်ပံတောင်းတောင် တက်သည့် လမ်းတွင် ရှိပြီး ဆက်လက် ၍ မြန်မာ ဝမ်ပေါင် ကုမ္ပဏီ ရှေ့တွင် တခု၊ ကျံုပျော်ဘက်မှ လက်ပံတောင်းတောင်သို့ တက်သည့် နေရာတွင် တခု၊ တောင်ပေါ်တွင် အလယ်ဂိတ် တခု၊ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးသည့် နေရာတွင် တခု၊ တောင်ပေါ် တွင် လုပ်ငန်းများ လည်ပတ်နေမှုကို လိုက်လံဟန့်တားသည့် အဖွဲ့မှ တခု ထားရှိသည်။
ပင်မ စခန်းတွင် ရှစ်ရက် တိုင်ဆန္ဒပြ မှုတွင် ပါဝင်ခဲ့သည့် ဒေသခံတဦးကလည်း “ဆန္ဒပြ သူတွေကိုလှည့် လည်ပြီးဆေးဝါး ကူညီကုသပေးနေတဲ့ ဆရာဝန်တွေ ရှိပါတယ်။ ရိက္ခာ ကတော့ တသီး ပုဂ္ဂလ ကနေပြီးတော့ သံဃာတော်တွေ လာရောက် လှူဒါန်း ဆက်ကပ်တာ၊ လူတွေကို ကျွေးတာ ရှိတယ်။ ဆန်၊ ဆီ၊ ရေ အဲလိုမျိုး ရိက္ခာတွေ လာလှူတဲ့ လူတွေ ရှိပါတယ်။ အာဏာပိုင်တွေဘက်က ဒီလို ရိက္ခာ ပို့တဲ့ ကားတွေကို တားမြစ်တာ မျိုး ရှိပါတယ်။ အဲဒီအခါကျတော့ သံဃာတော်တွေက ပြောရတာမျိုးတို့ သူတို့ကိုယ်တိုင် လိုက်ပို့တာမျိုးတော့ ရှိပါတယ် ခင်ဗျ” ဟု ကိုတင်ဇော် က မဇ္စျိမကို ပြောသည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည် ယခင် နအဖ စစ်ကောင်စီလက်ထက် ကပင် ဦးပိုင်ကုမ္ပဏီ လီမီတက် (Myanmar Economic Holdings Ltd- MEHL) နှင့် တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့သည့် စီးပွားရေးစီမံကိန်းတခု ဖြစ်သည်။
၎င်းတို့သည် ထိုကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ရ,၈ဝဝ ကျော် သိမ်းပိုက် လိုက်သဖြင့် လယ်သမားများ မကျေနပ်၍ ဇွန်လမှ စတင်ကာ ဆန္ဒပြပွဲများ၊ သပိတ် မှောက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။