သမ္မတ၏ ရခိုင်ပဋိပက္ခ ဖြေရှင်းနည်း လေးသွယ်

သမ္မတ၏ ရခိုင်ပဋိပက္ခ ဖြေရှင်းနည်း လေးသွယ်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နည်းလမ်း လေးခုဖြင့် ဖြေရှင်းသွားမည် ဟု သမ္မတ ဦးသိန်းစိန် က ဆိုသည်။

မွေးဖွားမှုနှုန်း ထိန်းချုပ်ခြင်း၊ ပညာရေး မြှင့်တင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးခြင်း တို့ဖြင့် ဖြေရှင်းသွားမည်ဟု နိုဝင်ဘာ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် မြန်မာသတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန် က ပြောကြားလိုက်ခြင်း ဖြစ်သည်။

thmeetreporterincambodia1

“ကျနော်တို့ ဒီလူ့အဖွဲ့အစည်းနှစ်ခု ရာသက်ပန်အားဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ဘာတွေလုပ်ရမလဲ။ အခြေခံ အားဖြင့် လုပ်ရမယ့်ဟာတွေကတော့ ပထမဦးဆုံး စိတ်နေ စိတ်ထားတွေကို ပြောင်းသွားဖို့ လိုပါ တယ်။ လူသားချင်း စာနာတယ်၊ လူသားချင်း ထောက်ထားတယ်ဆိုတဲ့ ဒီစိတ်ဓာတ်မျိုးတွေကိုပြောင်းသွား အောင် လုပ်ရပါမယ်” ဟု သမ္မတ က ဆိုသည်။

ထို့အပြင် “ပညာရေးနဲ့ ပတ်သက်ပြီးတော့ အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ တိုးတက်လာမှာ ဖြစ်တယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေနိုင်ကြမှာဖြစ်တယ်” ဟု သမ္မတက ဆက်ပြောသည်။

ဆက်လက်၍ “အခွင့်အလမ်းတွေလည်း နည်းပါတယ်၊ ဆင်းရဲနေတယ်၊ မွဲတေနေတယ်ဆိုရင် ကိုယ့်ဘာသာနဲ့ ကိုယ် နေရင်းထိုင်ရင်း နဲ့ကို ဒေါသဆိုတာ ဖြစ်နေတာပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာအောင် အခြေခံအားဖြင့် ဒါတွေ လုပ်ပေးဖို့ လိုတယ်” ဟုလည်း ဆိုသည်။

နောက်ဆုံး အချက်အနေဖြင့် ပဋိပက္ခ ဒေသအတွင်း နေထိုင်သူများ၏ မွေးဖွားမှုနှုန်းမှာ မြင့်တက်လျက်ရှိနေ၍ အဆိုပါ အခြေအနေကိုလည်း ထိန်းချုပ်နိုင်ရန် ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟု သမ္မတက ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခသည် အရေအတွက်မှာ တသိန်းကျော် ရှိနေပြီး ၎င်းတို့အား ကျွေးမွေးစရိတ် တလလျှင် ဒေါ်လာ ၁ သန်း ကုန်ကျနိုင်ကြောင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၆၅ သန်းခန့် လိုအပ်နေကြောင်း သမ္မတက မြန်မာ မီဒီယာများအား ဖနွမ်းပင်မြို့တွင် ပြောကြားခဲ့သည်။