လယ်သမားအရေး သတင်း သွားယူသူ နှစ်ဦး တရားစွဲခံထားရ

လယ်သမားအရေး သတင်း သွားယူသူ နှစ်ဦး တရားစွဲခံထားရ
by -
မဇ္စျိမ

လယ်သမားများ အရေးနှင့် ပတ်သက်၍ သတင်းသွားယူသည့် Burma VJ မီဒီယာမှ သတင်းထောက် ကိုမျိုးကျော် (ခေါ်) ညီထွေးနှင့် New Day မီဒီယာမှ အလွတ်သတင်းထောက် မကြည်ငြိမ်းသော် တို့ကို အင်းသူကြီးက ပုဒ်မ ၃ ခုဖြင့် ပန်းတနော် ရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် လယ်သမားများနှင့် အင်းသူကြီးတို့ အကြားဖြစ်ပွားသည့် ကိစ္စ သတင်းယူပြီးအပြန် ပိုင်နက် ကျူးလွန်မှု၊ သူတပါး အကျိုးစီးပွား ဖျက်ဆီးမှု၊ အများနှင့် ပူးပေါင်း ကြံစည်မှု ဟူသည့် ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း New Day ဂျာနယ်မှ အလွတ် သတင်းထောက် မကြည်ငြိမ်းသော် က ပြောသည်။  

“လယ်သမားတွေနဲ့ အင်းသူကြီးတွေနဲ့ ဖြစ်တဲ့ကိစ္စကို သတင်းသွားယူတာ။ မှတ်တမ်း ဓါတ်ပုံတွေ ရိုက်တယ်။ ပြန်အလာမှာ ကျမတို့ကို စခန်းခဏလိုက်ခဲ့ပါ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက စကားပြောချင်တယ်ဆိုလို့ လိုက်သွားတာ။ ည ၅ နာရီခွဲမှာ မေးမြန်းတယ်။ ကျောင်းကုန်းမှာ ဖြစ်တယ်ဆိုပေမယ့် ပန်းတနော်ကပဲ စစ်တယ်။ ၁၂ နာရီ ဝန်းကျင် မှာ ကျောင်းကုန်းက ရဲတွေ ရောက်လာပြီးတော့ ဒီရဲစခန်းမှာ အင်းပိုင် ဦးမှုံ က အမှုဖွင့်ထားတယ်” ဟု မဇ္စျိမကိုပြောသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် လယ်သမား ၅ဝဝ ကျော် မှီတည် လုပ်ကိုင် စားသောက်နေသည့် ကညွတ်အိုင် အင်းအား အင်းပိုင် ဦးမှုံ က ယင်းတားများဖြင့် တားလိုက်သည့်အပေါ် လယ်သမားများက ရေလာ ကောင်းစေရန် ထိုယင်းတားများအား နိုဝင်ဘာလ ၁၉ ရက်နေ့က ဖယ်ရှားလိုက်သည့်အပေါ် ဦးမှုံက တရားစွဲဆိုခြင်း ဖြစ်သည်။

တရားစွဲ ခံထားရသော်လည်း ကိုယ်ပိုင် ခံဝန်ချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်းနှင့် တရားရုံးကမည်သည့်နေ့ တွင် ဆင့်ခေါ်မည်ကို မသိရသေးပေ။

ပန်းတနော် ရဲစခန်းမှ တာဝန်ရှိသူများက သတင်းထောက် နှစ်ဦး၏ သတင်းများ၊ ဓါတ်ပုံ မှတ်တမ်းများနှင့်အင်တာဗျူး များကို ကြည့်ရှု စစ်ဆေးခဲ့သော်လည်း သိမ်းယူခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စ သတင်းထောက်များအား ဝတ္တရားနှောက်ယှက်မှု ဖြစ်စေသည်ဟုဆိုကာ ၎င်းတို့ဘက်မှ ပြန်လည်တရားစွဲဆို သွားမည်ဟု မကြည်ငြိမ်းသော်က ပြောသည်။

ထို့အပြင် ယင်းကိစ္စအပေါ် မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့သည့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ဆက်စပ်ဆောင်ရွက် သူများ ကွန်ယက်မှ ဦးသက်ဝေ ကိုလည်း တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းအနေဖြင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်သို့ တင်ပြရန် သွားရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု ဦးသက်ဝေက ဆိုသည်။

ထို့အပြင် “အခြေခံလူတန်းစားတွေ တဝမ်းအခါး ငါးရှာ၊ ဖားရှာနေတဲ့ ရေလုပ်သားတွေနဲ့ ပြေစာ ရှိနေတဲ့ လယ်သမား တွေက ရေငတ်တယ်။ သူတို့ ဆယ်မြောင်းရေ ပြန်ရဖို့ စည်းကမ်းတကျနဲ့ တားထားတဲ့ ယင်းတွေကို ဖျက်ဆီးတာ မဟုတ်ဘူး နော်၊ စနစ်တကျ ဖယ်ရှားပြီးတော့ ပုံအပ်ခဲ့တာကို အဓိကရုဏ်း လုပ်တယ်ဆိုပြီး ကျနော်တို့ကိုတရားစွဲ တာ” ဟု ဦးသက်ဝေ က ပြောသည်။

အင်းသူကြီး ဦးမှုံ က ပိုင်နက် ကျူးကျော်မှုဖြင့် စွပ်စွဲခံထားရသည့် သဲခုံရွာမှ လယ်သမား ၅ဝ ဦးအား အင်္ဂါနေ့က
ကျောင်းကုန်း ရဲစခန်းမှ ခေါ်ယူ မေးမြန်းခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ဆိတ်ဖူးနီရွာမှ လယ်သမား ၅ဝ ဦးတို့အား ထပ်မံ
မေးမြန်းခဲ့သည်ဟု ဦးသက်ဝေ က မဇ္စျိမကို ပြောဆိုသည်။

Most read this week