ကြိုးမိန့်ကျ ABSDF ရဲဘော် လွတ်မြောက်လာ

ကြိုးမိန့်ကျ ABSDF ရဲဘော် လွတ်မြောက်လာ
by -
မဇ္ဈိမ

မြန်မာ-အိန္ဒိယ နယ်စပ် တမူး-နန့်ဖာလုံစျေးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေသည်ဟု စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘို ထောင်အတွင်း ကြိုးမိန့်ပေး ခံထားရသည့် ABSDF (အနောက်ဖက်ဒေသ) မှ မိုးရေးရုံးတာဝန်ခံ ကိုမောင်မောင်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီဟု ညီမဖြစ်သူ က အတည်ပြု ပြောကြားသည်။  

“ကိုမောင်မောင်ဦး လွှတ်ပြီဗျ။ မနက် ၁ဝ နာရီလောက်က။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ထောင်ထဲမှာ ရ နှစ် နီးပါးပေါ့။ ဝမ်းသာတာပေါ့ဗျာ။ ပျော်တာပေါ့ဗျာ။ ကိုကို က ၈၈ ခုနှစ်ထဲက အခုမှ တွေ့ရမှာဆိုတော့ ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး။ ပုဒ်မကတော့ ၄ ခု တပ်ထားတာပဲ။ အိုးဖို အကျဉ်းဦးစီးကနေ လွတ်လာတာ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာခေါ်သွားတယ်ဗျ” ဟု မဇ္စျိမကို ပြောသည်။

အိန္ဒိယ ဒေသခံ မဏိပူရ လက်နက်ကိုင် အဖွဲ့အစည်း၏ အကူအညီဖြင့် မြန်မာစစ်တပ်က အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ ညအချိန်တွင် တရားမဝင် ဝင်ရောက်ကာ ABSDF (အနောက်ဖက်ဒေ) မှ အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးရုံးတာဝန်ခံ ကိုမောင်မောင်ဦးအား ၂ဝဝ၆ ခုနှစ် ဇန္နဝါရီလအတွင်းက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုများတွင် တရားခံအစစ်အမှန်ကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ နိုင်ငံရေး ယုံကြည်ချက်အရ နည်းမျိုးစုံနှင့် တိုက်ပွဲဝင်နေသူများအား စွပ်စွဲကာ ပြစ်ဒဏ် ချမှတ်လေ့ရှိကြောင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ပြောဆိုလေ့ရှိသည်။

ထိုအမှုတွဲတွင် ပါဝင်သူ ကိုချစ်သိန်းထွန်း၊ မနှင်းနှင်း(ကိုချစ်သိန်းထွန်း၏ ဇနီး)နှင့် သမီး အိပိုပို၊ ကိုဖိုးဇော်၊ မအေးမြတ်မာ (ကိုဖိုးဇော်၏ ဇနီး) တို့ကိုပါ ဖမ်းဆီးကာ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံခဲ့ကြရပြီး ၎င်းတို့မှာ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာလ က ပြန်လည် လွတ်မြောက်လာကြပြီး ဖြစ်သည်။

Most read this week