ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လေးရက်တာ နေထိုင်မည်ဟု ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ၏ ထုတ်ပြန်သည့် အစီအစဉ်တွင် ပါရှိသည်။
သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိ
အလားတူ မြန်မာဝန်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွ့ံဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီး တို့က နိုဝင်ဘာ ၁၆ ရက်နေ့ ၁၂ နာရီအချိန်တွင် ရောက်ရှိလာမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များအပါအဝင်၊ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်၊ တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီ ကိုနိုဒါ၊ တောင်ကိုရီးယား လီမြောင်ဘတ်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး၊ ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဘားရတ် ဟူစိန် အိုဘားမား တို့လည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု အစီအစဉ်တွင် ဖေါ်ပြထားသည်။
အမေရိကန်သမ္မတ အိုဘားမားက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံရန် ရှိကြောင်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သလို မြန်မာသမ္မတနှင့် အမေရိကန် သမ္မတတို့ အောက်တိုဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း တွေ့ဆုံရန် ရှိသည်ဟု သမ္မတရုံးနှင့် နီးစပ်သူများက ဆိုသည်။
သို့သော် မြန်မာသမ္မတ၏ ခရီးစဉ် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့သလို အမေရိကန် သမ္မတ လာရောက်ချိန် ဦးသိန်းစိန်အနေဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာ၍ တွေ့ဆုံမည်ဟုလည်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
နိုဝင်ဘာ ၁၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ ၁ဝ ထပ်အမြင့်ရှိ Vikmean Santepaep အဆောက်အဦးတွင် ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေး သို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအတွက် စားပွဲတင် ကွန်ပျူတာ အလုံး ၃ဝဝ ထားရှိပြီး အိတ်ဆောင် ကွန်ပျူတာများအတွက် အင်တာနက်ကေဘယ်လ် ၁ဝဝ ထားရှိမည် ဖြစ်ကြောင်း သိရသည်။