ငလျင်ကြောင့် ပျက်ဆီးမှုများအနက် စာသင်ကျောင်းနှင့် နေအိမ်များ ဦးစားပေး ပြန်ဆောက်မည်

ငလျင်ကြောင့် ပျက်ဆီးမှုများအနက် စာသင်ကျောင်းနှင့် နေအိမ်များ ဦးစားပေး ပြန်ဆောက်မည်
by -
မဇ္ဈိမ

မန္တလေးတိုင်းအတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများ အနက်မှ လူနေအိမ်နှင့် စာသင်ကျောင်း များကို ဦးစားပေး တည်ဆောက်သွားမည်ဟု တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးကျော်မြင့် က ပြောသည်။

“လူနေ အိမ်ခြေတွေ ပျက်စီး ပြိုပျက် သွားတယ် ဆိုရင် လူတွေ နေစရာ မရှိဘူးလေ။ အဲဒီလို နေရာ အခက်အခဲ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် မူလအတိုင်း ပြန်ပြီးတော့ နေထိုင် နိုင်အောင်လို့ လူနေအိမ်တွေ ဆောက်တာ အရေးမကြီး ပေဘူးလားဗျာ။ နောက် တဆက်တည်း စာသင်ချိန် ကလေးတွေ ကျောင်းနေတာ ရပ်သွားတယ်။ အဲဒီ ကလေးတွေ စာသင်ချိန် မပျက်ရလေအောင် စာသင်ကျောင်းတွေ ပြန်ဆောက်မယ်။ အဲဒါတွေ ဦးစားပေး ကိုင်တွယ်ပြီး လုပ်သွားမယ်” ဟု မဇ္စျိမကို ပြောသည်။

ငလျင်ကြောင့် လူနေအိမ် ၈ လုံး ပြိုကျခဲ့ပြီး အိမ်ခြေ ၂၉၉ လုံး ပျက်စီးခဲ့သည့်အပြင် တံတိုင်း ဝန်းခြံများ ပျက်စီးမှု ၃၉ ခု ရှိသည်။ စာသင်ကျောင်းများ ပျက်စီးမှု အနေဖြင့် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စုစုပေါင်း ၆၂ ခု ရှိသည်။

၎င်းပြင် အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံ နှစ်ခု ပြိုကျခဲ့ပြီး အခြား အပျက်အစီး ၆၉ ခု၊ ဆေးရုံ ဆေးပေးခန်း (၈) ခုနှင့် အဆောက်အဦ အုတ်တံတိုင်း (၁၃) ခု ပျက်စီးခဲ့ကြောင်း တိုင်းအစိုးရမှ ကနဦး
ကောက်ယူ ရရှိသည့် စာရင်းများအရ သိရသည်။

ဘုန်းကြီးကျောင်းနှင့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့သော်လည်း စာရင်းဇယား ကောက်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုငလျင်ကြောင့် သေဆုံးရသူ ကိုးဦး၊ ဒဏ်ရာရသူ ၅၈ ဦး ရှိပြီး ဆက်လက်၍လည်း စာရင်းဇယားများ
ကောက်ယူနေဆဲ ဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် လူနေအိမ်ခြေ ပျက်စီးခဲ့ရသည့် မိသားစုများ နေထိုင်နိုင်ရန် ရွက်ဖျင်တဲ အလုံး ၅ဝ ဆောက်လုပ်၍ ယာယီ နေရာချထားကြောင်း သိရသည်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံ လှုပ်ခတ်နိုင်သောကြောင့် ယိုင်နဲ့နေသော အဆောက် အဦများ၊ ပြိုလက်စ အဆောက် အဦများတွင် မနေထိုင် ကြရန် တိုင်းအစိုးရအဖွဲ့မှ အသိပေး နှိူးဆော်ထားပြီး ဖြစ်ကြောင်း ဦးကျော်မြင့် က ပြောသည်။

ထို့အပြင် နိုင်ငံတော် အစိုးရမှ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း ၆ မျိုး ဖြစ်သည့် အမျိုးသားဝတ်ပုဆိုးနှင့် အမျိုးသမီးဝတ်လုံချည်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဒန်အိုး၊ ဇလုံ များ ငလျင်လှုပ်ခတ်သည့်နေ့က ပေးပို့ လှူဒါန်းခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

အလားတူ ပုဂ္ဂလိက အလှူရှင်များထံမှ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ အထိ ကောက်ယူ ရရှိသည့် စာရင်းအရ အမေရိကန် ဒေါ်လာ ၁ သိန်း၊ မြန်မာ ကျပ်ငွေ သိန်းပေါင်း ၂,၆ဝဝ နှင့် အခြေခံ လူသုံးကုန် ဖြစ်သည့် T-Shirt အကျႌ၊ ဆပ်ပြာ၊ ကွေကာအုပ်နှင့် အစားအသောက်များ လှူဒါန်း နေကြောင်း သိရသည်။

ငလျင် ဒဏ်ကြောင့် ဆုံးရှူံးရသည့် အပျက်အစီးများ ပြန်လည် ပြင်ဆင် တည်ဆောက် နိုင်ရန် ကျွမ်းကျင် ပညာရှင်များ ကွင်းဆင်းတွက်ချက် စစ်ဆေးနေဆဲ ဖြစ်ပြီး ငွေပမာဏ မည်မျှ လိုအပ်မည်ကို မခန့်မှန်းနိုင်သေးကြောင်း ညွန်ကြားရေးမှူးက ပြောသည်။

“အပျက်အစီးတွေရဲ့ အရေအတွက်တွေက မျက်စိနဲ့ မြင်လို့ ရပေမယ့် အဆောက်အဦ တခုက ဘယ်လောက် တန်တယ်ဆိုတာ ကတော့ မျက်မြင်နဲ့ ပြောလို့မရဘူး။ တတ်ကျွမ်းတဲ့ ပညာရှင်တွေက တွက်ချက်ပေးမှ ရမယ်။ အမြန်ဆုံး ကွင်းဆင်း ဆောင်ရွက်ပါ။ အောက်ခြေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အဲလိုပဲ ညွှန်ကြားချက်
ပေးထားပါတယ်” ဟု ဦးကျော်မြင့် က မဇ္စျိမကို ပြောသည်။

ထိုသို့ အပျက်အစီး စာရင်းဇယား အမှန်များ ရရှိအောင် ကောက်ယူ ရရှိပြီးလျှင် ဗဟို အစိုးရသို့ တင်ပြသွားမည်
ဖြစ်ပြီး ဗဟိုအစိုးရမှလည်း ဘဏ္ဍာငွေ ကူညီပေးရန် ရှိသော်လည်း တိုင်းအစိုးရထံသို့ စာရင်းများ မရောက်ရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

အင်္ဂါနေ့အထိ နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များမှ တိုင်းအစိုးရ အဖွဲ့သို့ တရားဝင် ဆက်သွယ် လှူဒါန်းလာခြင်း မရှိသေးသော်လည်း တသီး ပုဂ္ဂလိက အနေဖြင့် ကွင်းဆင်း၍ လှူဒါန်းခြင်းများ ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ပါဝင် လှူဒါန်း လိုကြသည့် တသီး ပုဂ္ဂလိက အလှူရှင် များအနေဖြင့် မန္တလေးတိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ဖုန်းနံပါတ် - ဝ၂ ၃၆၉ ၁၃, ဝ၉ ၈၅ဝဝ ၉ဝ၉ နှင့် လက်ထောက် ညွှန်ကြား ရေးမှူး ဦးအေးလွင် ၏ ဖုန်းနံပါတ် - ဝ၂ ၃၆၉၂၂, ဝ၉ ၄၇၁၃ ဝ၁ ၃ဝ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း တိုင်းအစိုးရအဖွဲ့မှ နှိုးဆော် ထားသည်။

Most read this week