ရွေ့လျားကျောင်းများ ဖွင့်လှစ်ပေးထားဟု ဒု-ဝန်ကြီး ဆို

ရွေ့လျားကျောင်းများ ဖွင့်လှစ်ပေးထားဟု ဒု-ဝန်ကြီး ဆို
by -
မဇ္ဈိမ

မြန်မာ့ပညာရေး ကဏ္ဍတွင် တပြေးညီ ပညာသင်ကြား လေ့လာခွင့် ရှိရေးအတွက် ကျေးရွာ အတည်တကျမရှိသော ဒေသများ၌ ရွေ့လျား ကျောင်းများအဖြစ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

“မြို့ပေါ်ရပ်ကွက်များတွင် အလယ်တန်း၊ အထက်တန်းအဆင့် တတ်ရောက်မည့် ကျောင်းသား ဦးရေနှင့် ခရီးအကွာ အဝေးတို့အပေါ် မူတည်ပြီး (မူ၊ လယ်၊ ထက်) ကျောင်းတွေ စီစဉ်ဖွင့်လှစ်ပေးထားပြီးပါပြီ။ ကျေးရွာအတည်တကျမရှိ တဲ့ ဒေသတွေမှာ ရွေ့လျားကျောင်းတွေ အဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်” ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူ က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း တင်သွင်းသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော် နိုင်ငံတဝန်းလုံး၌ ပညာရေးကဏ္ဍတွင် ဟန်ချက် ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် အခွင့်အလမ်းများရရှိရေး အဆိုနှင့် စပ်လျဉ်း၍ ဒုဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အခြေခံပညာ ကျောင်းများတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၁-၂၀၁၂ မှ စ၍ ကျောင်းသုံးဖတ်စာအုပ်များကို မူလတန်း ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခြင်း၊ ၂၀၁၂-၂၀၁၃ တွင် လေ့ကျင့်ခန်း စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးခြင်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူ များအား ငွေကြေးကောက်ခံခြင်း မပြုရန် ဆောင်ရွက်ခဲ့ကြောင်း ၀န်ကြီးက ဆိုသည်။

လှိုင်မြို့နယ်၊ ဘူတာရုံ လမ်းပေါ်ရှိ ကျောင်းတကျောင်းတွင် တတ်ရောက်နေသူ ကျောင်းသားတဦး၏ မိခင် ဒေါ်ခင်ခင် က “မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ငွေကြေး မကောက်ပါဘူး။ ဒါပေမယ့် ကျောင်းဆင်းချိန်မှာ အချိန်ပိုသင်တော့ ကလေး မျက်နှာငယ်မှာစိုးလို့ ထားပေးရပါတယ်။ ဒါက အကြောင်းအမျိုးမျိုးနဲ့ မိဘတွေက ပေးဆပ်နေရတာပါ” ဟု ဆိုသည်။

ကျောင်းနေရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေမြဲပြီး မူလတန်းပညာ သင်ယူပြီးမြောက်ရေး အတွက်အထူးကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ယင်းကိစ္စ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC – Grade 3) မှ ကျောင်းသားမိခင် ဒေါ်အေးအေး က “အတန်းထဲမှာ ဆရာခေါ်ပေးတဲ့ စာကို လိုက်ရေးတာ မမီတော့ အိမ်ပြန်ရင် စာအုပ်ထဲမှာ တဝက်တပျက်တွေပဲ ပါလာတယ်။ အတန်းပိုင်ကို အိမ်မှာခေါ်သင်နိုင်တဲ့ ကလေးက စာတွေ အစုံရှိနေတယ်။ အိမ် ခေါ်မသင်နိုင်တဲ့ ကလေးက ပြဿနာ ဖြစ်လာတယ်။ စာခေါ်ပေးတာ နေ့တိုင်း မလိုက်နိုင်တော့ ကလေးက သိမ်ငယ်စိတ် ဝင်လာတယ်။ ကျောင်းပြောင်းမယ် ပြောလာတယ်။ ခေါ်ပေးတဲ့ စာကိုမီအောင် လိုက်မရေးနိုင်တာ ကလေးရဲ့ အားနည်းချက်လား။ သင်တဲ့ စနစ်လွဲနေတာလား။ တခုခုတော့ အဖြေရှာသင့်ပါတယ်” ဟု ပြောဆိုသည်။

အချို့နေရာများတွင် ကျောင်းမနေနိုင်သည့် ကလေးများ ကျန်ရှိနေသဖြင့် ယင်းကလေးများ ကျောင်းအပ်နှံရေး အတွက် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကျောင်းဝင်မည့် ကလေးများကို ကြိုတင် စာရင်းကောက်ယူပြီး ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့သော် “ဖြစ်နိုင်ရင် စာသင်ခန်းထဲအထိ ဆရာတွေရဲ့ ပညာသင်ကြားရေး ပုံစံတွေကို ထိပ်ဆုံးက တာဝန်ရှိသူတွေ ရှောင်တခင် စစ်ဆေး လေ့လာစေချင်ပါတယ်” ဟု အဆိုပါ အမျိုးသမီးက ဆက်လက် ပြောဆိုသည်။

နိုင်ငံတော်အနေဖြင့် နှစ်စဉ် မေလ၏ နောက်ဆုံး ရက်သတ္တပတ်အား ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ နိုင်ငံတဝန်းလုံး အမျိုးသား လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ရာ သူငယ်တန်း ကျောင်းဝင်နှုန်းမှာ ၉၈.၄၇% အထိ တိုးတတ်လာခဲ့ကြောင်း သိရသည်။